လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား

လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်လူငယ် ၄ ဦးကို အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်များဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

တုံးတောကျေးရွာတွင် စစ်ဘေးရှောင်နေသည့် အဆိုပါလူငယ် ၄ ဦးကို ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“အခု ဖမ်းဆီးခံရတဲ့သူတွေက စစ်ဘေးရှောင်တွေ၊ သူတို့က ဂွမှာ တိုက်ပွဲတွေ စဖြစ်ကတည်းက ဧရာဝတီဖက်မှာ စစ်ဘေးရှောင်နေကြတာ။ ရပ်ကျေးအုပ်ချုပ်ရေးမှူးကလည်း သူတို့ကို သိတယ်။ အဲဒါကို စစ်ကောင်စီက 

AA တပ်ဖွဲ့ဝင်တွေဆိုပြီး ဖမ်းဆီးသွားတယ်" ဟု လေးမျက်နှာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အသက် ၂၅ နှစ်နှင့် ၃၀ ကြား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်ကြောင်း သိရပြီး ဖမ်းဆီးခံရသူများ၏ အသေးစိတ်ကို DMG မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီက ရခိုင်ဒေသခံများကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးစစ်ဆေးခြင်းများ ရှိနေ၍ ရခိုင်စစ်ဘေးရှောင်များမှာ လုံခြုံရေးစိုးရိမ်မှုများ ဖြစ်နေကြကြောင်း အထက်ပါ လေးမျက်နှာဒေသခံက ပြောသည်။

“သူတို့တွေ (ရခိုင်လူငယ် ၄ ဦး)ကို လောလောဆယ် ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရှိရသေးဘူး။

ဒီကာလမှာ ရခိုင်က စစ်ရှောင်တွေက အတော်လည်းကို သတိထားပြီး နေကြရတယ်" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်က ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာတွင် စစ်ဘေးရှောင်နေသည့် ရခိုင်ဒေသခံ ၁၁ ဦးကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူနှင့် ဂွမြို့နယ်က ဒေသခံများဖြစ်ပြီး အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦး ပါဝင်ပြီး ၎င်းတို့ကို မြောက်စမ်းအမြောက်တပ်ထဲတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော် (AA) သည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင်ခြင်းများရှိနေသဖြင့် စစ်ကောင်စီသည် ရခိုင်ဒေသခံများကို သံသယဖြင့် ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေသည်။

လက်ရှိတွင် လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူ၊ သာပေါင်း၊ ပုသိမ်မြို့နယ်တို့တွင် AA နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နေကြသည်။

စစ်ကောင်စီကလည်း တိုက်ပွဲဖြစ်ပွားသည့် နေရာများအပြင် အရပ်သားနေထိုင်ရာ ကျေးရွာများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိသည်ဟုဆိုကာ လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ရှိနေသည်။

ယမန်နေ့ (ဇူလိုင် ၄ ရက်)ကလည်း လေးမျက်နှာမြို့နယ်၊ စောပြာကျေးရွာကို လေကြောင်း ဗုံးကြဲမှုကြောင့် နေအိမ်အချို့ ပျက်စီးသွားသည်ဟု နောက်ထပ်လေးမျက်နှာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရွာသားတွေက ဧပြီလကတည်းက စစ်ရှောင်နေရတာကြောင့် ထိခိုက်မှု မရှိဘူး။ ဒါပေမယ့် အိမ်တချို့ ပျက်စီးမှုတွေ ရှိတယ်။ အဓိကတော့ တော်လှန်ရေးအင်းအားစုတွေ ရှိတယ်ဆိုပြီး လာရောက်ဗုံးကြဲတာ ဖြစ်နိုင်တယ်" ဟု ၎င်းက ဆိုသည်။

စစ်ရေးတင်းမာနေသည့် လေးမျက်နှာနှင့် ရေကြည်မြို့နယ်တို့တွင် ပြီးခဲ့သည့် မေလ ၁၅ ရက်မှ ဇွန်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး၊ စက်တပ်လေထီးနှင့် စစ်ကြောင်းထိုး သတ်ဖြတ်မှုများဖြင့် အရပ်သား ၉ ဦး သေဆုံးပြီး၊ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၂၉ ဗျူဟာမှ ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းတွင် AA နှင့် ပူးပေါင်းတပ်များက စစ်ကောင်စီ၏ တပ်စခန်း၊ နယ်မြေရဲစခန်းနှင့် တပ်စွဲနေထိုင်ခဲ့သည့် ယာယီတပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်ထားပြီး လက်ရှိတွင် ရေကြည်မြို့နယ်ရှိ အမတ (၃၄၄) တပ်ရင်းနှင့် ပုသိမ်-မုံရွာ ကားလမ်းတစ်လျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...