ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တို့ကို ရွေးကောက်ပွဲလုံခြုံရေးတာဝန်ယူရန် စီမံနေ

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တို့ကို ရွေးကောက်ပွဲလုံခြုံရေးတာဝန်ယူရန် စီမံနေ

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပမည့် နေရာတို့တွင် မဲရုံလုံခြုံရေးတာဝန်ယူရန် စစ်ကောင်စီမှဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တို့ကို ခန့်အပ်ထားပြီး  မြို့နယ်နှင့်လူဦးရေအလိုက် တာဝန်ခွဲဝေမှုလုပ်ဆောင်နေကြောင်း စစ်ကောင်စီ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတို့မှ သိရသည်။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဩဂုတ်လ (၁၆) ရက်တွင် စစ်ကောင်စီမှ ဖွဲ့စည်းကြောင်းထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဒီဇင်ဘာလအထိ နိုင်ငံတစ်ဝှမ်းတွင် သင်တန်းဆင်းသူဦးရေ ၁ သောင်းအထိရှိနေပြီးဖြစ်သည်ဟု နိုင်ငံရေးပါတီတို့ ပြောပြချက်အရ သိရသည်။

အဆိုပါ အကြမ်းဖက်တိုက်ဖျက်မှုနှိမ်နင်းရေးသင်တန်းဆင်းတို့ကို တစ်မြို့နယ်လျှင် ၁၀၀ ဦးနှုန်းဖြင့် မဲရုံလုံခြုံရေးတာဝန်ပေးထားကြောင်းနှင့် စစ်တပ်နှင့်ရဲတပ်ဖွဲ့အချို့တို့လည်း ဝန်းရံပါဝင်သွားရန်ရှိသည်ဟု ရေးမြို့နယ်စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“မဲရုံတစ်ရုံကို အနည်းဆုံး ၂ ယောက် လောက်ထားပေးမယ်ပေါ့ ရဲတွေနဲပူးပေါင်းပြီးတော့ပေါ့၊ စစ်တပ်ကတော့အပြင်မှာလုံခြုံရေး ထပ်ယူပေးမယ်၊ မြို့နယ်တိုင်းပဲ သူတို့ထားထားတယ်။ အရင်ကမဲရုံတွေမှာဆိုရင် အထူးရဲတွေလိုမျိုးပေါ့အရပ်သားတွေကိုခေါ်ပြီးတော့ သင်တန်း ၁ လတက်ခိုင်းတယ်မဲရုံစောင့်ဖို့ပေါ့၊ အခုကအဲ့လိုမျိုးမလုပ်တော့ဘူး” ဟု၎င်းကပြောသည်။

 မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲမဖြစ်မနေလုပ်ဆောင်ရန် သတ်မှတ်ထားသည့် ကျေးရွာတို့တွင်လည်း ပြည်သူ့စစ်နှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ၄၀ ဦး ထက်မနည်း ပါဝင်သည့် လုံခြုံရေးအဖွဲ့တို့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း ဆိုသည်။

စစ်ကောင်စီ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး သင်တန်းဆင်းတို့ကို  လက်နက်ကိုင် လုံခြုံရေးပေးသည့်အဖွဲ့နှင့် သာမန်လုံခြုံရေးပေးသည့်အဖွဲဟူ၍ ဖွဲ့စည်းထားပြီး အများစုတို့သည် အသက် ၃၅ နှင့် ၆၅ နှစ်အရွယ်ရှိသည့် အမျိုးသားတို့ဖြစ်သည်။

သို့သော် ပေါင်မြို့နယ်တွင် လက်ရှိစစ်ကောင်စီအဖွဲ့တို့ တင်းကြပ်ထားသည့် လိုင်စင်မဲ့ယာဉ်စစ်ဆေးခြင်း၊ မြို့အဝင်အထွက်လုံခြုံရေးနှင့် ဌာနဆိုင်ရာရုံးလုံခြုံရေးပေးရန် အဆိုပါ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တို့ကို အသုံးပြုနေပြီး တစ်ရက်နေ့စားခ ၆၈၀၀ ကျပ် ပေးဆောင်နေကြောင်းလည်း ပေါင်ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့ကို အပြာဝတ်စုံနဲ့ တစ်နေ့ကို ၆၈၀၀ ပေးပြီးတော့ အကုန်လုံးသုံးနေပါတယ်၊ အဖွဲ့နဲ့ပေါ့တစ်ဖွဲ့ကို ၅၀ လောက်ရှိတယ်၊ ဆိုင်ကယ်စစ်တဲ့ နေရာမှာရော၊ မြို့လုံခြုံရေးအတွက် နေရာမှာရော ၊ ရုံလုံခြုံရေးရော အကုန်သုံးနေတယ် ဝင်လုပ်တဲ့သူတွေများတယ် တစ်ကယ့်ငမူးတွေများတယ်၊ ရွေးကောက်ပွဲကိစ္စ လှုပ်ရှားရင် လည်းသူတို့ကိုသုံးမှာပဲလေ” ဟု ဆိုသည်။

 ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်းနင်းရေးအဖွဲ့သည် စစ်ကောင်စီအဖွဲ့အတွက် လုံခြုံရေးပေးရန်သာဖြစ်နေပြီး ဒေသခံတို့ကြုံတွေ့နေရသည့် ခိုးဆိုးလုယက်မှုနှင့် မူးယစ်ဆေးဝါးအမှုတို့ကို အရေးယူဝိုင်းဝန်းဖြေရှင်းပေးခြင်းမရှိကြောင်းလည်း မွန်ဒေသခံတို့ ပြောဆိုလျှက်ရှိသည်။

ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပမည့်ရွေးကောက်ပွဲအတွက်လိုအပ်သည့်ပြင်ဆင်ဆောင်ရွက်မှုတို့ကို စစ်ကောင်စီဌာနဆိုင်ရာအဖွဲ့တို့က မြေပြင်တွင်စတင်ဆောင်ရွက်နေပြီး လက်ရှိတွင် ပန်းခင်းစီမံချက်အဆင့် ၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေကြောင်းသိရသည်။

လာမည့် ဇွန်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် မဲပေးသရုပ်ပြပွဲများ မွန်ပြည်နယ်အတွင်း လုပ်ဆောင်ရန်ရှိပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကိုလည်း လက်ရှိတွင် မွမ်းမံသင်တန်းပေးနေပြီးဖြစ်သည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...