မွန်ပြည်နယ်မှာ စစ်ကောင်စီ ဖွင့်လှစ်တဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၄ အတွက် လူသစ်စုဆောင်းခံရသူတွေထဲမှာ တရားမဝင် လိုင်စင်မဲ့ယာဉ် စီးနင်းမှုကြောင့် ဖမ်းဆီးခံရသူတွေ ပါဝင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၄ ကို သူတို့ထိန်းချုပ်ထားနိုင်တဲ့ တိုင်းစစ်ဌာနချုပ် အသီးသီးမှာ ဇွန် ၁၆ ရက်နေ့က သင်တန်းစတင်ဖွင့်လှစ်ပြီလို့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းမဖွင့်မီ လိုင်စင်မဲ့ယာဉ်တွေကို ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်လောက်က စတင်ဖမ်းဆီခဲ့ပြီးနောက် ဖမ်းဆီးရမိတဲ့ ဒေသခံတွေထဲက လူငယ်တွေကို စစ်မှုထမ်းတပ်သားသစ် စုဆောင်းမှုတွေ လုပ်ဆောင်ခဲ့တာပါ။
အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးကတော့ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်အချို့မှာ နေအိမ်က ငွေကြေးမလိုက်နိုင်သူတွေနဲ့ မသိနားမလည်သူတွေ စစ်မှုထမ်းတပ်သား စုဆောင်းခံလိုက်ရတယ်လို့ ပြောပါတယ်။
“စစ်မှုထမ်း စုဆောင်းခံရသူတွေက ယာဉ်စင်မဲ့ယာဉ် ဖမ်းမိပြီ။ အိမ်ကလာမလိုက်တဲ့ ဥစ္စာတွေ ပိုက်ဆံမလိုက်နိုင်တဲ့သူတွေ တပ်ကို ခေါ်သွားတယ်။ ထောင်ကျခံမလား။ တပ်ထဲမှာ လုပ်မလား။ ဥပဒေနဲ့ တရားစွဲခံမလား။ ဒီထဲဝင်ရင်တော့ တိုက်ပွဲ သွားစရာ မလိုဘူး၊ ဒီမှာပဲ ကိုယ့်မြို့ ကိုယ့်ရွာမှာ ပြန်လုပ်ရမှာပေါ့။ အဲဒီလို စည်းရုံးခြိမ်းခြောက်တာပေါ့” လို့ ဆိုပါတယ်။
လိုင်စင်မဲ့ယာဉ် စီးနင်းမှုကြောင့် ဖမ်းဆီးခံရကာ စစ်သားစုဆောင်း ခံရသူအများစုဟာ ထောင်ကျမှာစိုးတဲ့ ကြောက်စိတ်ကြောင့်သာ စစ်ထဲဝင်ရောက်ခဲ့ကြတာဖြစ်ပြီး ဘာမှ သိရှိနားလည်တာ မရှိကြဘူးလို့ သူက ဆက်ပြောပါတယ်။
အမည်မဖော်လိုတဲ့ မွန်ပြည်နယ်ဒေသခံ နောက်တစ်ဦးကလည်း စစ်ကောင်စီဟာ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေရာစုံမှာ ဖမ်းဆီးနေပြီး ဖမ်းဆီးရမိပါက လိုင်စင်မဲ့ယာဉ်ကို သိမ်းတဲ့အပြင် လူကိုပါ စစ်သားစုဆောင်းမှု ရှိနေတယ်လို့ ပြောပါတယ်။
“လိုင်စင်မဲ့တွေ ဆိုလို့ရှိရင်တော့ နေရာစုံမှာ နေရာစုံဖမ်းတယ်။ တချို့က အဖွဲ့စုံနဲ့ ဖမ်းတာမဟုတ်ဘူး။ တစ်ခါတလေကျရင် စခန်းရှေ့မှာကို ဖြတ်သွားလို့ရှိရင် တားတာတို့ ဘာတို့တွေပေါ့။ တစ်ခါတလေကျရင် သူတို့ကားနဲ့ လှည့်ရင်းနဲ့လည်း တကယ်လို့ ကိုယ့်ဆိုင်ကယ်က လိုင်စင်မဲ့ဆိုလို့ရှိရင် သူတို့ ဖမ်းလိုက်တယ်။ ရွာထဲမှာဆိုလည်း ရွာထဲမှာ ဖမ်းတယ်။ လူရော ဆိုင်ကယ်ရော မိလို့ရှိရင်တော့ လူပါ ဖျောက်ပစ်တယ်” လို့ ဆိုပါတယ်။
လိုင်စင်မဲ့ယာဉ် စီးနင်းလို့ ဖမ်းဆီးခံရပါက တချို့တွေ ငွေကြေးအဆမတန်ပေးပြီး ပြန်လည်လွတ်မြောက်လာတာရှိသလို တချို့တွေကတော့ ထောင်ချခံရတာရှိပြီး တချို့တွေအနေနဲ့ ပျောက်ဆုံးသွားတာရှိပေမယ့် ဘယ်ကိုရောက်ရှိသွားလဲဆိုတာ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။
တဖက်မှာ စစ်ကောင်စီဟာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်အပြင် ဘေးတွဲယာဉ်တွေကို စီမံချက်နဲ့ အကြီးအကျယ် မြို့ဝင်၊ မြို့ထွက်တွေ၊ ယာဉ်သွားလာမှုများတဲ့နေရာတွေ၊ မထင်မှတ်တဲ့ နေရာတွေအပြင် သတင်းအရဆိုကာ နေအိမ်တွေအထိ လိုက်လံဖမ်းဆီးနေတာပါ။
လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးမှုကနေ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေဟာ တရားမဝင် ဝင်ငွေရလမ်းတွေ ရရှိနေသလို တဖက်မှာလည်း လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်းသင်တန်းအတွက် တပ်သားသစ်တွေ ရရှိနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီက ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၃ အထိ စစ်သားစုဆောင်းခံရသူပေါင်း ၂၂၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။







