နှစ်ပေါင်း ၃၀ နီးပါး စိတ်ခြောက်ခြားနေရဆဲ သျှမ်းပြည် ငရဲနှစ်

နှစ်ပေါင်း ၃၀ နီးပါး စိတ်ခြောက်ခြားနေရဆဲ သျှမ်းပြည် ငရဲနှစ်

နန်းလိတ်သည် သူနေထိုင်ရာ ကွန်ဟိန်းမြို့ဆီသို့ ပြန်မရောက်ဖြစ်သည်မှာ နှစ်ပေါင်း သုံးဆယ်ခန့်ရှိတော့မည်။

ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာထဲကို ဗမာစစ်သားများ ဝင်ရောက်ခဲ့စဉ် ၁၉၉၆ ခုမှစ၍ အိုးပစ်အိမ်ပစ်၊ လယ်ယာပစ်ကာ တိုင်းတစ်ပါးသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့သည်မှာ အနှစ် သုံးဆယ်ခန့် ရှိလေပြီ။

ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ညဘက်မှာ ကောင်းမွန်စွာ အိပ်မပျော်ခဲ့သည်မှာလည်း အနှစ် သုံးဆယ်ခန့်ရှိပြီ။

သူ့ အမျိုးသားသည် ဗမာစစ်တပ်မှ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့သည်မှာလည်း အနှစ်သုံးဆယ်ခန့်ပင် ပြည့်ရော့မည်။

သူ ကောင်းမွန်စွာ မှတ်မိနေသေးသည်။ ၁၉၉၆ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ရွာထဲကျန်ရှိသော ဆန်၊ စပါးများကို နွားလှည့်ဖြင့် ပြန်သွားသယ်နေချိန် ဆိုင်းခေါင်ရွာ၌ ကလေးသုံးဦးနှင့် သူမကလွဲ၍ ရွာသား ၂၇ ဦးကို ဗမာစစ်တပ်မှ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ဗမာစစ်တပ်သည် ရွာသားများ သယ်ဆောင်လာသော ဆန်၊ စပါးနှင့် နွားလှည့်များကို မီးရှို့ခဲ့ပြီး ရွာသား ၂၇ ဦးကို လက်ပြန်ကြိုးတုပ်ကာ တောထဲ၌ တန်းစီပြီး ပစ်သတ်ခဲ့သည်ဟု နန်းလိတ်က သူမျက်ဝါးထင်ထင် မြင်တွေခဲ့သည့် ကြောက်မက်ဖွယ်မြင်ကွင်းများကို ပြန်လည်ပြောပြနေသည်။

“ရွာသားတွေကို အထုပ်အပိုးလိုပဲ လက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားတာ။ ပြီးတော့ သူတို့ကို ဒူးထောက် တန်းစီးခိုင်းပြီး သေနတ်နဲ့ တစ်ယောက်တစ်ချက်ပဲ၊ ဒိုင်းဒိုင်းနဲ့ စိတ်ရှိလက်ရှိ ပစ်သတ်လိုက်တာ” ဟု နန်းလိတ်က ပြန်လည်ပြောပြနေသည်။

ရွာသား ၂၇ ဦးပစ်သတ်ခံရသည့် နေရာသည် နန်းလိတ်တို့နှင့် မနီးမလှမ်းတွင်ရှိနေသောကြောင့် လှမ်းမြင်နေရသည်ဟု ပြောသည်။

သို့သော် နန်းလိတ်တို့ သားအမိနှစ်ဦးအပါအဝင် လေးဦးသည် ကံကောင်းခဲ့လေသလား မပြောတတ်ပေ။ ၎င်းတို့ကို ဗမာစစ်တပ်မှ ပစ်သတ်ခြင်းမပြုဘဲ ပြန်လွတ်လာပေးခဲ့သည်ဟု ပြောသည်။

“အဲ့တုန်းက ကျမအရမ်းကြောက်ပြီး ငိုတာလည်းမပြောနဲ့။ ဗိုလ်ကြီးတစ်ယောက်က သူခါးကြားမှာထိုးထားတဲ့ ပစ်စတိုသေနတ်ကို ထုတ်လိုက်ထည့်လိုက် လုပ်နေတာ။ ကျမလေ ငါတို့သားအမိနှစ်ယောက် သေရတော့မလား၊ ဘာလုပ်ရမလဲ မသိတော့ဘူး” ဟု နန်းလိတ်က ငရဲတွင်းက ပြန်လွတ်လာတဲ့အကြောင်းကို ပြန်ပြောပြသည်။

ထိုအချိန်တွင် နန်းလိတ်တစ်ယောက် ကလေးကို ပေါင်ပြီးတင်ပြီး တင်းတင်းကျပ်ကျပ် ပွေ့ချီကာ သူမ၏ အတွေးနယ်ထဲတွင် “ သေနတ်ပစ်ခံရပြီးသေသွားမှာလား၊ သူမကို သတ်ပြီး ကလေးကို ခေါ်သွားမှာလား” ဆိုသည့် အတွေးပေါင်းခြောက်ထောင်ဖြင့် ပြည့်နှပ်နေခဲ့ကြောင်း အတိတ်ကကိစ္စကို ရင်းနာစွာြဖင့် ပြောနေသည်။

သို့သော်လည်း နန်းလိတ်တို့သားအမိ ကံကောင်းထောက်မစွာဖြင့် စစ်သားမှ ပြန်လွှတ်ပေးခဲ့သဖြင့် သူမဟာ စစ်သားကို ထိုင်ရှိခိုးပြီး ပြန်ထွက်လာခဲ့ပါသည်။

ထိုစဉ်က သူမ ကလေးသည် အသက် ၁ နှစ်နှင့် ၇ လသာရှိသေးသောကြောင့် လမ်းပင် ကောင်းစွာ မလျှောက်နိုင်းသေးပေ။ ထိုကြောင့်လည်း ကလေးငယ်၏မျက်နှာကို ထောက်သောအားဖြင့် ၎င်းတို့ကို ပြန်လွတ်လာခဲ့ခြင်းဖြစ်နိုင်သည်ဟု နန်းလိတ်က ယူဆသည်။

သည်လိုနှင့် နန်းလိတ်သည် ကွန်ဟိန်းမြိုပေါ်သို့ ပြန်ရောက်ရှိလာခဲ့သည်ဟု ပြောသည်။ သို့သော်လည်း ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုသကဲ့သို့ နန်းလိတ်သည် ကွန်ဟိန်းမြို့ပေါ်သို့ ပြန်ရောက်ပြီး မကြာမီ ဗမာစစ်သားများက ၎င်းနေထိုင်သည့် နေအိမ်တွင် လာရှာသည်။

အကြောင်းမှာ သူမပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသဖြင့် ဗမာစစ်တပ်နှင့် ရဲများက လာရောက်စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း နန်းလိတ်က ပြန်ပြောင်းပြောပြသည်။

“ကျမ ကွန်ဟိန်းမြိုကို ပြန်မရောက်မကြာသေးဘူး။ ဗမာစစ်သားတွေ၊ ရဲတွေက ကျမကို လာရှာတာ။ နေပူမိုးရွာမရှောင် တရားရုံးကို နေ့တိုင်းသွားရတာ။ ညဆိုလည်း အိမ်ဘေးပတ်ပတ်လည်မှာ စစ်သားတွေ အပြည့်ပဲ။ ကြာလာတော့ ကျမလည်း ကြောက်တာပေါ့။ ယောက်ျား အသတ်ခံရလို့ သတင်းတွေ ပြန်ဖြန့်လာတယ်ဆိုပြီး ကျမကိုလာသတ်မှာလည်း ကြောက်ရတယ်။ အဲ့နဲ့ ကွန်ဟိန်းမှာနေပြီး နှစ်လလောက်ပဲ ထိုင်းကိုပြေးလာခဲ့တာ” ဟု နန်းလိတ်က ပြောပြသည်။

၁၉၉၇ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ခိုလမ်ကျေးရွာ (လက်ရှိ မြို့နယ်ခွဲ) စုစည်းရွာကို ဗမာစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး

လက်ရှိ ထိုင်းနိုင်ငံတွင် သူမအတွက် လုံခြုံမှုရှိသည်ဟု ခံစားရသော်လည်း ဗမာစစ်တပ်မှပေးခဲ့သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ယနေ့ထိတိုင် ခံစားနေရဆဲပင်။

“ကျမ အခုထိဆိုင်ကယ်ဆိုရင် မစီးဘူး၊ ကြောက်တယ်။ အသံကျယ်ကျယ် တစ်ခုကြားရင်လည်း လန့်တယ်” ဟု နန်းလိတ်ကတိုးတိတ်စွာဖြင့် ပြောပြသည်။

နန်းလိတ်ကဲ့သို့သော သျှမ်းပြည်သူများ ဗမာစစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ယနေ့ထိတိုင် နေရပ်မပြနိုင်သေးသူ အများအပြားရှိသည်။ ထို့ပြင် မီးရှို့ဖျက်ဆီခံခဲ့ရသည့် ရွာများသည်လည်း ယနေ့ထိတိုင် ရွာပျက်ကြီးအဖြစ်ရှိနေဆဲပင် ဖြစ်သည်။

၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း ဗမာစစ်တပ်၏ ဖြတ်လေးဖြတ် စီမံချက်ကြောင့် သျှမ်းပြည်အလယ်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း မြို့နယ်ပေါင်း ၁၅ မြို့နယ်မှ ပြည်သူ လေးသိန်းကျော်သည် အတင်းအကျပ် နေရပ်ရွှေ့ပြောင်းခြင်း ခံခဲ့ရသည်။

ထိုတင်မက ဗမာစစ်တပ်က သျှမ်းပြည်သူအပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အဓမ္မ ပြုကျင့်ခြင်း၊ ရိက္ခာနှင့် ကျွဲနွား၊ အိုးအိမ်များကို ဖျက်ဆီးမီးရှို့ခြင်း ပြုလုပ်ခဲ့သည်။ ထိုထဲတွင် အမျိုးသမီး ၆၂၅ ဦး အဓမ္မပြုကျင့်ခံခဲ့ရပြီး ပြည်သူ စုစုပေါင်း ၂၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။

ဖြတ်လေးဖြတ်ဆိုသည်မှာ ဗမာစစ်တပ်မှ ရင်ဆိုင်နေရသည့် လက်နက်ကိုင်အဖွဲ့အစည်းများ ထိုစဉ်က ရှမ်းပြည်နယ်တပ်ပေါင်းစု တော်လှန်ရေးတပ်မတော် SURA ကို ရပ်တည်၍မရအောင် ၎င်းတို့လှုပ်ရှားသည့် နယ်မြေအတွင်း ရိက္ခာ၊ ငွေကြေး၊ သတင်းနှင့် တပ်သားသစ် စုဆောင်းမှု မရရှိအောင် ဖြတ်တောက်ခြင်း ဖြစ်သည်။

သို့သော် ထိုဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် ထိခိုက်ရသည်မှာ ဒေသခံအများစု ဖြစ်သည်။ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ၁၉၉၆ ခုနှစ် ဇွန်လ ၁၆ ရက်နေ့၌ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ရွာသူရွာသား စုစုပေါင်း ၅၆ ဦးကို ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို ဇွန်လ ၁၆ ရက်ကို အစွဲပြု၍ သျှမ်းအမျိုးသား လူအခွင့်အရေးနေ့ အဖြစ်သတ်မှတ်ခဲ့ပါသည်။ ထိုကြောင့် ဇွန်လ ၁၆ ရက်နေ့တွင် ဖြတ်လေးဖြတ်ကြောင့် ကျဆုံးသွားခဲ့ရသော သျှမ်းပြည်သူများကို မမေ့လျော့ဘဲ အမှတ်ရစေချင်သည်။

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...