နမ္မတူမြို့နယ်တွင် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း သွားလုပ်ရန် ဒေသခံများ အခက်တွေ့

နမ္မတူမြို့နယ်တွင် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း သွားလုပ်ရန် ဒေသခံများ အခက်တွေ့

သျှမ်းပြည် နမ္မတူမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ သွားရောက်ပြုလုပ်ရန် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ဇွန်လဆန်းပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်တွင် TNLA ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို လူမျိုးဘာသာမရွေး မဖြစ်မနေ သွားရောက်ပြုလုပ်ရန် အသံချဲ့စက်များဖြင့် ရပ်ကွက်များတွင် လှည့်လည်ဆော်ဩခဲ့ခြင်းကြောင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း နမ္မတူဒေသခံများက ပြောသည်။

“အခုက တောင်ယာဝင်ချိန်ဆိုတော့ ငွေကြေးခက်ခဲတာလည်း တစ်ပိုင်းပေါ့၊ သွားမလုပ်ရင်လည်း ဆန့်ကျင်တယ်လို့ မြင်မှာကြောက်တယ်။ သူတို့လုပ်ပေးတဲ့ ကတ်လည်း စစ်ကောင်စီနေရာ သွားရင် ကိုယ့်အတွက် အန္တရာယ်ဖြစ်မှာလည်း စိုးရိမ်တယ်။ အခုက မြို့ထဲကော ရွာတွေကော မဖြစ်မနေ လုပ်ဖို့ TNLA က ပြောနေပြီ။ တချို့အိမ်လည်း မိသားစုများတော့ သွားလုပ်ရင် သိန်းချီကုန်မှာလေ” ဟု နမ္မတူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

နမ္မတူမြို့နယ်တွင် TNLA ပြုလုပ်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်း တစ်ခုအတွက် တစ်သောင်းကျပ်၊ မှတ်ပုံတင်တစ်ခုလျှင် တစ်သောင်းကျပ်နှင့် စမတ်ကတ်အတွက် ငါးထောင်ကျပ် ပေးဆောင်ရပြီး အင်္ဂလိပ်၊ မြန်မာ နှင့် တအာင်း (ပလောင်) ဘာသာတို့ဖြင့် ရေးသားထားကြောင်း ဒေသခံများထံမှ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA ထိန်းချုပ်နိုင်ခဲ့သည့် မြို့နယ်အားလုံးရှိ ရပ်ကွက်၊ ကျေးရွာတိုင်းတွင် တောရွာမြို့နေ ပြည်သူအားလုံးကို လူဦးရေ စိစစ်ပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇွန်လ ၅ ရက်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသည်။

TNLA မှ ၂၀၂၅ ခုနှစ်အတွင်း သီးသန့်ပြန်လည် ဖွဲ့စည်းခဲ့သည့် လူဝင်မှုကြီးကြပ်ရေးဌာနသည် ထိန်းချုပ်ဒေသအတွင်းရှိ လူဦးရေစာရင်း အမှန်ကို ပြုစုထိန်းသိမ်းထားရန်၊ လူအဝင်အထွက် စာရင်းများကို ကြပ်မတ်ထိန်းသိမ်းရန်၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ကြီးကြပ်ခြင်းဖြင့် ပြည်နယ်သား အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

အလားတူ မေလ ၂၅ ရက်မှ စတင်၍ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် နမ့်ဆန်မြို့တို့တွင် TNLA ၏ မော်တော်ယာဉ် မှတ်ပုံတင်ကြီးကြပ်ရေးဌာနမှ အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ယာဉ်လိုင်စင် ပြုလုပ်ပေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

March 6, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
March 5, 2026
စိုင်းဆိုင်အိုက် — “ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး...
March 4, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာလျှင် ၃၆၀၀ ကျပ်အထိ ဈေးတက်လာပြီး...
၂၀၂၃ ခုနှစ်တွင် "သျှမ်းလူငယ်များနေ့" အထိမ်းအမှတ်ပြုလုပ်သည့်မြင်ကွင်းပုံ
March 2, 2026
သျှမ်းပြည်အတွင်း စစ်မီးတောက်လောင်နေချိန်တွင် လူထုအပေါ် အကာအကွယ်မပေးနိုင်သည့်...