ဟားခါးမြို့တွင် ၃ လကြာ လျှပ်စစ်မီးပြတ်တောက်၊ ဖုန်းနှင့် Power bank များကို အခကြေးငွေပေး၍ အားသွင်းနေကြရ

ဟားခါးမြို့တွင် ၃ လကြာ လျှပ်စစ်မီးပြတ်တောက်၊ ဖုန်းနှင့် Power bank များကို အခကြေးငွေပေး၍ အားသွင်းနေကြရ

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် ၃ လကြာ လျှပ်စစ်မီးပြတ်တောက်သောကြောင့် ပြည်သူအများစုသည် လျှပ် စစ်မီးမရှိဘဲ နေထိုင်ကြရပြီး လူတိုင်းအသုံးပြုသော ဖုန်းနှင့် Power bank များကို အခကြေးငွေပေးဆောင်၍ အား ဖြည့်သွင်းနေရသည်ဟု ဒေသခံများထံမှ သိရသည်။

ဟားခါးမြို့တွင် လျှပ်စစ်မီး ပြတ်တောက်သည်မှာ လွန်ခဲ့သော ၃ လခန့်ကဖြစ်ပြီး ယခုကဲသို့ ငွေကြေးပေးကာ ဖုန်းအားသွင်းရသည်မှာ တစ်လခန့်ရှိပြီဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖုန်းအားသွင်းခ တစ်ကြိမ်မှာ ၁၀၀၀ ကျပ်၊ Power bank အရွယ်အစားအလိုက် ၁၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ကုန်ကျပြီး နေ့စဉ်လိုအပ်သော ဆက်သွယ်ရေးအတွက် ကုန်ကျစရိတ်များ ပိုမိုတိုးလာကာ အခက်အခဲများ ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

ဟားခါးမြို့‌နေ ဒေသခံအမျိုးသားတစ်ဦးက “ဟားခါးမြို့မှာ မီးမလာတာ ၃ လရှိပြီ။ မီးမလာတော့ ဖုန်း၊ power bank အားသွင်းဖို့ ပိုက်ဆံပေးပြီး သွင်းခိုင်းနေရတယ်။ ဖုန်းက - ၁၀၀၀ ကျပ် power bank အကြီး - ၂၅၀၀ ကျပ်၊ အသေး - ၁၅၀၀ ကျပ်။ သွင်းလို့ရတဲ့နေရာကတော့ ဈေးဟောင်းမှာတော့ ၂ နေရာရှိတယ်။ တစ်ခြားရပ်ကွက်မှာလဲ ရှိမှာပါတယ်၊ သေချာမသိလို့။ တစ်ချို့က power bank အကြီး အားအပြည့်သွင်းခ ၅၀၀၀ ကျပ် ပေးရတဲ့သူလဲရှိတယ်။ အခုလို ဘယ်ချိန်ထိ ကြုံရမလဲမသိဘူး။ ကြာလာရင်တော့ လွယ်မှာမဟုတ်ဘူး” ဟု ပြောသည်။

သို့သော် NGO ရုံးများနှင့် နီးစပ်သူများက  အခမဲ့ဖုန်းအားသွင်းလို့ရကြောင်း ၎င်းက ဆက်ပြောသည်။  

လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် ဟားခါးမြို့နေ ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝကို ကြီးမားစွာ အဟန့်အတားဖြစ်စေပြီး ချက်ပြုတ်ရာတွင်သော်လည်းကောင်း သောက်သုံးရေခက်အခဲများလည်း ရင်ဆိုင်နေကြရသည်။

ဒေသခံအမျိုးသားတစ်ဦးက “ဒေသခံတွေက ထမင်းချက်ဖို့၊ အဓိက မီးသွေးသုံးတယ်။ gas လဲ သုံးကြပေမဲ့ ပြန်ဖြည့် ဖို့မရှိတော့ ခက်တယ်၊ အဆင်မပြေဘူး။ သောက်ဖို့ သုံးဖို့ ရေလဲ ဝယ်နေရတယ်။ ဒီလို မီးမလာတာကြာတော့ ငွေကြေးတတ်နိုင်တဲ့သူတွေက  ‌solar, battery သုံးတယ်။ တစ်ချို့က မီးစက်သုံးတယ်။ အဲဒါတွေမရှိတဲ့သူက ညမှာ ဖယောင်းတိုင် ထွန်းနေရတယ်။ မီးလာမယ်ပြောတာ ကြာလှပြီ အခုထိ မလာနိုင်ဘူး၊ လာမယ်ပြောလဲ မယုံတော့ဘူး” ဟု ပြောသည်။

မီးမရှိသည့်အတွက် ထမင်းချက်ရန် မီးသွေးကိုသာ အဓိကအားထားနေရပြီး ချင်းတောင်ထွက် မီးသွေးတစ်အိတ်ကို ၂၈၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေပြီး မြေပြန့်ဒေသမှလာသော မီးသွေးတစ်အိတ်လျှင် ၂၅၀၀၀ ကျပ်ခန့်ရှိကြောင်း သိရသည်။

ထို့အပြင် ဟားခါးမြို့ပြည်သူများသည် ရေရှားပါးမှုကြောင့် ရေ ၁၀၀၀ လီတာကို ၂၅၀၀၀ ကျပ်ဖြင့် ဝယ်သုံးနေရသည့်အတွက် နေ့စဉ်စားဝတ်နေရေး ပိုမိုခက်ခဲကြောင်း သိရသည်။

အလားတူ ချင်းပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်လည်း လျှပ်စစ်မီးမရသည်မှာ ၅ လခန့်ရှိပြီဟု သိရသည်။

နေ့စဉ် စားဝတ်နေရေးအတွက် ထမင်းချက်ရန် မသွေးနှင့် gas များ အသုံးပြုနေရပြီး မီးသွေးတစ်အိတ်လျှင် ၂၅၀၀၀ ကျပ်နှင့် gas တစ်ပိသာလျှင် ၁၃၅၀၀ ကျပ်ဖြင့် ဝယ်သုံးနေ‌ရကြောင်း ကလေးမြို့နေ အိမ်ရှင်မတစ်ဦးထံမှ သိရသည်။

သောက်သုံးရေအတွက် မီးစက်နိုးကာ ရေတင်နေရကြောင်း၊ မရှိပါက တွင်းရေများကို ခတ်ကြရသည်ဟု သိရသည်။

ဒေသခံအများစုမှာ ဖုန်းအားသွင်းရန်နှင့် ညတွင် အလင်းရရှိရန် ဆိုလာပြားနှင့် ဘက်ထရီများကို အဓိကအသုံးပြုနေကြရကြောင်း ‌သိရသည်။

March 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ဓာတ်ဆီတစ်ဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး...
March 27, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ရှိနေသည့်အပေါ် ပြင်းထန်စွာ...
March 26, 2026
ချင်းပြည်နယ်၊ လောက်တူဒေသအတွင်း လုံခြုံရေးအတွက် ညအိပ်အခြေပြုသည့် ဧည့်သည်များ ရောက်လာကပါက...
March 25, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် စစ်မှုထမ်းမူဝါဒကို လက်ရှိ စတင်အကောင်အထည်ဖော်...