လိပ်သို-သံတောင်-တောင်သူ လမ်းတွင် အရပ်သား ၃ ဦးကို စစ်ကောင်စီသတ်ဖြတ် တချို့ကို ဖမ်းထား

လိပ်သို-သံတောင်-တောင်သူ လမ်းတွင် အရပ်သား ၃ ဦးကို စစ်ကောင်စီသတ်ဖြတ် တချို့ကို ဖမ်းထား

KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၂)၊ တော်အူး (တောင်ငူ) ခရိုင် သံတောင်ကြီးမြို့နယ်ရှိ လိပ်သို-သံတောင်-တောင်ငူလမ်း အသုံးပြုသွားလာသူ သံတောင်ကြီးနယ်ခံ အရပ်သား ၃ ဦးကို ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ပြီး တချို့ကို ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါလမ်းကို KNU တပ်မဟာ (၂) ဘက်က မေ ၁ ရက်နေ့မှစ၍ အကန့်အသတ်မရှိ မည်သူမဆို ဖြတ်သန်းသွားလာခွင့် ပိတ်ထားသော်လည်း ကျောင်းကိစ္စ၊ အရောင်းအဝယ်ကိစ္စ၊ စားနပ်ရိက္ခာကိစ္စတို့ဖြင့် အရဲစွန့်သွားလာသူ ဒေသခံတချို့ရှိသည်ဟု သံတောင်ကြီးနှင့် လိပ်သိုတွင် နေထိုင်သူများက ပြောသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းက လိပ်သိုဒေသခံ အရပ်သား ၁၄ ဦးကို လိပ်သိုမှ တောင်ငူသို့အသွား ထုံးဘိုကြီးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခံရပြီး ၎င်းတို့ထဲမှ အမျိုးသားနှစ်ဦး၏အလောင်းအား လမ်းနံဘေးတွင် သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိသည့် လမ်းသွားလမ်းလာများက ပြောသည်။

“လိပ်သိုကနေ နနွင်းတွေသယ် တောင်ငူကိုသွားရောင်းပြီး ဆန်ပြန်ဝယ်လာတဲ့သူတွေ ရှိတယ်လေ။ ပြီးခဲ့တဲ့ အပတ် လောက်က ထုံးဘိုကြီးဘက်မှာ စကစ က ဖမ်းပြီးဖုန်းတွေ စစ်တယ်။ စစ်ခံရတာတော့ အများကြီးပဲ။ အားလုံးပေါင်း ၁၄ ယောက် ဖမ်းခံထိတယ်။ သူ့မိသားစုတွေက သွားခေါ်လို့  ပြန်လွတ်လာတာလည်း ရှိတယ်။ သေတဲ့လူငယ်နှစ်ယောက်ကတော့ ထုံးဘိုကြီး လမ်းဘေးမှာအလောင်းပစ်ထားတာကို တွေ့လို့သိတာ” ဟု လိပ်သိုနယ်ခံ အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယင်းကဲ့သို့ပင် သံတောင်ကြီးဘက်မှ တောင်ငူသို့ ဆိုင်ကယ်မောင်းနှင်လာသူ အရပ်သားနှစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်သဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ကိုယ်တိုင်ကြားသိထားသည့် သံတောင်ကြီးမြို့နေ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ထုံးဘိုကြီးမှာက ဖမ်းတယ်၊သတ်တယ် အဲ့လိုကြားတယ်။ ကျမတို့ သံတောင်ကြီးဘက်မှာလည်း နှစ်ယောက်လေ စစ်သားတားတဲ့အခါကျတော့ သူတို့ကကြောက်ပြီး မရပ်ရဲဘူး။ အဲ့တော့နောက်က လှမ်းပစ်တာ တစ်ယောက် သေသွားတယ်။ တစ်ယောက်က ဒဏ်ရာရတယ်။ ရွှေညောင်ပင် စနေကုန်းနားလောက်မှာ ဖြစ်တာ။ လမ်းမှာကင်း စောင့်တာတို့ တောတိုးတာတို့ လုပ်တဲ့ စကစတွေ ရှိတယ်လေ။ ဂိတ်မှာ ပစ်ခံရတာတော့ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

မေလကုန်ပိုင်းမှ ယခု ဇွန်လအထိ စစ်ကောင်စီလက်ဝယ် လမ်းသွားလာသူ အရပ်သား မည်မျှဖမ်းဆီးခံရပြီး မည်မျှ ပြန်လည်လွတ်မြောက်လာကြောင်း လူဦးရေအတိအကျကိုမူ ကေအိုင်စီ အချက်အလက်စုဆောင်းလျက် ရှိသည်။

ဒေသခံများ၏ ပြောစကားအရ အဆိုပါလမ်းမကြီး ပိတ်ထားသည့်အတောအတွင်း ဒေသတွင်း ကုန်စည်ပြတ်လပ်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ ဖြစ်ပွားခဲ့သာ်လည်း တချို့အရေးကြီးကိစ္စသွားလာလိုသူများအတွက် KNU တပ်မဟာ (၂) ဘက်က ရံဖန်ရံခါ ဆိုင်ကယ်သွားလာခွင့်ပြုခြင်းရှိသည်ဟု သိရသည်။

ယခုလို KNU က လမ်းပိတ်ထားသော်လည်း ပြီးခဲ့သည့်မေလပိုင်းတွင် စစ်ကောင်စီက ထုံးဘိုကြီးအခြေစိုက် တပ်စခန်းသို့ အင်အားအများအပြား ဖြည့်တင်းခဲ့ပြီး လက်ရှိအချိန်ထိ စခန်းပတ်လည် လုံခြုံရေးများ တင်းကြပ်ချထားပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Most read this week

သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...