မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို အကြီးအကျယ် ဖမ်းဆီးနေ

မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို အကြီးအကျယ် ဖမ်းဆီးနေ

မွန်ပြည်နယ်တဝန်းမှာ စစ်ကောင်စီက လိုင်စင်မဲ့မော်တော်ကားအပါအဝင် ဆိုင်ကယ်တွေကို စီမံချက်နဲ့ အကြီးအကျယ် ဖမ်းဆီးနေပြီး လိုင်စင်မဲ့ယာဉ်ဖြစ်ပါက ယာဉ်ရောလူကိုပါ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ လိုင်စင်မဲ့ယာဉ်တွေကို နေ့ရောညပါ မြို့ဝင်၊ မြို့ထွက်တွေမှာ ဖမ်းဆီးတာ၊ မြို့တွင်း မော်တော်ယာဉ် သွားလာမှုများတဲ့နေရာတွေမှာ ဖမ်းဆီးတာအပြင် သတင်းအရ နေအိမ်တွေအထိ ဖမ်းဆီးမှုတွေ ရှိလာတာပါ။

လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတာဟာ ပြီးခဲ့တဲ့ မေ၂၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

မော်လမြိုင်ဒေသခံတစ်ဦးကတော့ လိုင်စင်မဲ့ယာဉ်တွေကို တစ်မြို့လုံးနီးပါး မဖမ်းဖူးတဲ့နေရာကအစ ဖမ်းဆီးနေသလို ပိုက်စိပ်တိုက် စစ်ဆေးပြီး လိုင်စင်မဲ့ယာဉ်ဖြစ်ပါက ယာဉ်ရောလူကိုပါ ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

“တစ်မြို့လုံး နီးပါးပဲ။ မဖမ်းဖူးတဲ့ နေရာတွေရော အခုက ဘယ်လိုလုပ်လဲဆိုတော့ လာသမျှယာဉ် အကုန်လုံးက ရပ်ပေးရတယ်။ အကုန်တစ်စီးမကျန် စစ်တယ်၊ ပိုက်စိပ်တိုက် လိုင်စင်မဲ့ရော လိုင်စင်ရော အကုန်ရပ်ရပ်ပြီး သူတို့ စာရွက်စာတမ်း တောင်းတယ်။ ဝှီးတက်တောင်းတယ်။ ဝှီးတက် တောင်းပြီးတဲ့အပြင် စာအုပ်ပါ တောင်းတယ်။ သူတို့က လိုင်စင်မဲ့တွေဆိုရင် ဆိုင်ကယ်ရော လူရော ခေါ်ထားတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတဲ့နေရာမှာ အင်းအားအများအပြား အသုံးပြုကာ အဖွဲ့စုံနဲ့ ဖမ်းဆီးနေတာဖြစ်ပြီး သူတို့စစ်ဆေးစဉ် အရှိန်လွန်ပြီး မရပ်တန့်ပေးပါက ဆဲဆိုရိုက်နှက်တာတွေပါ လုပ်ဆောင်နေတာပါ။

မုဒုံဒေသခံတစ်ဦးကလည်း လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ဌာနဆိုင်ရာတွေ ကိုယ်တိုင်က လိုင်စင်မဲ့ယာဉ်စီးပြီး ဖမ်းဆီးနေတာဖြစ်သလို အခုလို ဖမ်းဆီးတဲ့အတွက် ပြည်သူတွေ သွားလာရေး အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

“ဒီမှာတော့ အကုန်ဖမ်းတာပေါ့။ သူတို့က တရားဝင်ဆိုင်မှာ ပေးတင်ရောင်းထားတယ်။ အခု ဖမ်းမယ်ဆိုတော့ သူတို့ ဆိုင်တွေကို အကြောင်းကြားလိုက်တယ်။ ဆိုင်တွေမှာက ဒီယာယီတွေကအစ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေက ဆိုင်မှာမရှိတော့ဘူး။ သူတို့ ကိုယ်တိုင်က ဒီလိုင်စင်မဲ့ကို စီးတယ်။ သူတို့လည်း ဖမ်းတယ်၊ သူတို့လည်း ရောင်းတယ်ဆိုတော့ အဓိကဖမ်းတော့ ပြည်သူတွေ အခက်အ ခဲ ဖြစ်တာပေါ့” လို့ ဆိုပါတယ်။

လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတဲ့နေရာမှာ စစ်ကောင်စီ အသိုင်းအဝိုင်းက လူတွေ၊ စစ်ကောင်စီနဲ့ နီးစပ်သူတွေနဲ့ လိုင်ကြေးပေးပြီး စီးနင်းသူတွေကိုတော့ စစ်ဆေးပြီး ပြန်လည်လွှတ်ပေးတာရှိပြီး ဒေသခံတွေကိုတော့ ဖမ်းဆီးထားတာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ခေါင်းဆောင်က လိုင်စင်မဲ့ကားနဲ့ လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းမှုတွေကို ဖော်ထုတ်ရမှာဖြစ်ပြီး နံပါတ်ပြား အတုပြုလုပ်တာ၊ လိုင်စင်အတု ပြုလုပ်တာတွေကို တွေ့ရတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ပါဝင်ပတ်သက်နေသူ အားလုံးကို စိစစ်ဖော်ထုတ် အရေးယူဖို့ ပြောဆိုခဲ့တာပါ။

လိုင်စင်မဲ့ယာဉ် စီးနင်းမှုတွေကြောင့် နိုင်ငံတော်အနေနဲ့ အခွန်အခများစွာ နစ်နာရသလို လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာလည်း အခက်အခဲ ဖြစ်ပေါ်နိုင်တဲ့အတွက် တိုင်းနဲ့ ပြည်နယ်အလိုက် လိုင်စင်မဲ့ မော်တော်ယာဉ် စီးနင်း မရှိစေရေးအတွက် ကြပ်မတ်ဖို့ ညွှန်ကြားခဲ့ပြီးနောက် အခုလို ဖမ်းဆီးမှု စတင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံတွေက လိုင်စင်မဲ့ယာဉ်တွေကို နေရာအနှံ့ စီမံချက်နဲ့ စတင် ဖမ်းဆီးနေပေမယ့် သူတို့ကိုယ်တိုင် လိုင်စင်မဲ့ယာဉ်တွေကို စီးနင်းနေတာကြောင့် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးနေတဲ့အပေါ် ဒေသခံတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေတာပါ။

မွန်ပြည်နယ်မှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးရမိပါက ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ သိမ်းတဲ့အပြင် ဒေသခံပြည်သူတွေကိုလည်း ပို့ကုန်၊ သွင်းကုန် ဥပ‌ဒေတွေနဲ့ အရေးယူတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...