မွန်ပြည်နယ်မှာ ပြင်းထန်ရာသီတုပ်ကွေးရောဂါ အဖြစ်များလာ

မွန်ပြည်နယ်မှာ ပြင်းထန်ရာသီတုပ်ကွေးရောဂါ အဖြစ်များလာ

ဓာတ်ပုံ - CJ

မွန်ပြည်နယ်တဝန်းမှာ ရာသီတုပ်ကွေးရောဂါ အဖြစ်များနေပြီး ပြင်းထန်မှုတွေ ရှိလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားနေထိုင်ကြဖို့ ဆရာဝန်တွေက တိုက်တွန်းလာပါတယ်။

လက်ရှိအချိန်ဟာ နွေရာသီအကုန် မိုးရာသီအဝင် ကာလဖြစ်တာကြောင့် ပြည်နယ်အတွင်းမှာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု တစထက်တစ မြင့်တက်လာတာ ဖြစ်ပါတယ်။

ရာသီတုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့်ဖြစ်ပြီး အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တာဖြစ်တဲ့အတွက် အလွယ်တကူ ကူးစက်နိုင်သလို အနည်းဆုံး ၃ ရက်ကနေ တစ်ပတ်အထိ ကြာနိုင်တာပါ။

ဆရာဝန်တစ်ဦးကတော့ ရာသီတုပ်ကွေးဟာ တစ်နှစ်တစ်ခါ ပုံစံပြောင်းပြီးလာတာကြောင့် တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံးကူးစက်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိကတော့ တုပ်ကွေးပေါ့။ ရာသီတုပ်ကွေးက အဖြစ်များဆုံးပဲ။ သူက ဗိုင်းရပ်စ်တစ်မျိုးပေါ့။ တစ်နှစ်တစ်ခါ ပုံစံပြောင်းပြီးလာတော့ ဗိုင်းရပ်စ်နဲ့ သူကတစ်ယောက်ဖြစ်ပြီးဆိုရင် တစ်အိမ်လုံးနီး ပါး ကူးစက်ခံရမယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ရာသီတုပ်ကွေးရောဂါကိုတော့ ကလေးသူငယ်အပြင် လူကြီးတွေမှာပါ အဖြစ်များနေတာကို တွေ့ရပြီး တချို့တွေအနေနဲ့ ရာသီတုပ်ကွေး နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျော ဖြစ်တာတွေပါ တွေ့ရပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

နောက်ထပ် ဆရာဝန် တစ်ဦးကလည်း ရာသီတုပ်ကွေးရောဂါဟာ တစ်နှစ်ထက်တစ်နှစ် ပြင်းထန်လာတာကြောင့် ပုံစံပြောင်းကုသနေရသလို လက်ရှိအသွင်ပြောင်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်တဲ့အတွက် ဆေးကောင်းတွေနဲ့တောင် တော်ရုံကိုယ်ပူမကျတဲ့ပုံစံ ဖြစ်လာတယ်လို့ ပြောပါတယ်။

“ရာသီတုပ်ကွေးကတော့ တစ်နှစ်နဲ့ တစ်နှစ်နဲ့ နည်းနည်းလေးတော့ ပြင်းထန်လာတဲ့ သဘောတရားတော့ ရှိတယ်။ ပြင်းထန်တယ်ဆိုတာက အပူကသိပ်မကျဘူး။ ကိုယ်ပူတာကို အင်မတန်ကောင်းတဲ့ ပါရာစီတမောအုပ်စု ဆေးတွေတောင်မှ မကျဘူးပေါ့နော်။ အဲဒီလို ပုံစံမျိုးတွေ ရှိတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ရာသီတုပ်ကွေးရောဂါကြောင့် အသက်သေဆုံးမှု မရှိနိုင်ပေမယ့် ရာသီတုပ်ကွေးဟာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်တဲ့အတွက် တခြားရောဂါတွေ ဝင်ရောက်လာမှုမရှိအောင် ဂရုစိုက်ဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ဖျားနာလာပါက နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ပြသဖို့လိုအပ်ပြီး အချိန်မီပြသမှသာ ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးကို ခွဲခြားသိနိုင်မှာဖြစ်ကာ အချိန်မီ ဆေးဝါးကုသနိုင်မှာဖြစ်တယ်လို့ ဆရာဝန်တွေက တိုက်တွန်းတာပါ။

ဒေသတွင်းမှာတော့ ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ တစ်နှစ်ပတ်လုံး ဖြစ်ပွားမှုရှိပေမယ့် မိုးတွင်းကာလတွေမှာ အဖြစ်များတာကြောင့် ကလေးသူငယ်တွေအပြင် လူကြီးတွေကအစ သတိထားနေထိုင်ကြဖို့ လိုအပ်ပါတယ်။

March 9, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ခြိုးခြံ ချွေတာရေး အကြောင်းပြချက်နဲ့...
March 6, 2026
အရှေ့အလယ်ပိုင်း‌ဒေသမှာ ဖြစ်ပွားနေတဲ့ အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ စစ်ပွဲကြောင့်...
March 5, 2026
တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ...
March 4, 2026
စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုက...