မင်းတပ်၊ တိုက်နယ် - ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြုပြီး ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မင်းတပ်၊ တိုက်နယ် - ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြုပြီး ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ တိုက်နယ် - ၁ ထဲက ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ရက် ဆက်တိုက်ပြုလုပ်ရာတွင် အစုပြုံလိုက်ဗုံး (Cluster Bomb) နှင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအများအပြား အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် - ၁ အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီသည် မေလ ၁၇ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ပြုလုပ်သွားသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၈ ရက်က ထုတ်ပြန်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် အစုပြုံလိုက်ဗုံး (Cluster Bomb) အသုံးပြုခဲ့သော အထောက်အထားများ တွေ့ရှိရပြီး ဗုံးအလုံးရေ ၁၀ လုံးဝန်းကျင်သည် ကျေးရွာအတွင်းနှင့် ကျေးရွာဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

“လေကြောင်းတိုက်ခိုက်မှုက ၂ ကြိမ်လာတိုက်တယ်။ အဲဒီနေ့က တိုက်နယ် ၁ ရဲ့ ကျေးရွာရဲ့ အနှံ့အပြားမှာပဲ။ ရွာထဲမှာကျတယ်။ ရွာအပြင် ချောင်းထဲမှာ ၄ လုံး၊ ၅ လုံးလောက်ကျတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် cluster ဗုံးလို့ သတ်မှတ်ရတာပေါ့နော်။ ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာလို့ပဲ ပြောရမှာပါ။ ပြည်သူတွေက ဒဏ်ရာရတာက သိပ်မရှိဘူးခင်ဗျ။ အနှံ့အပြားမှာ ကျကွဲတယ်ပေါ့နော်။ အဲဒီမတိုင်ခင်မှာလည်း တောက်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတော့ ပြည်သူတွေက သတိရှိရှိနဲ့ အကုန်လုံးက ကတုတ်ကျင်းတွေထဲ ပြေးပုန်းကြတာကြောင့်ပဲ အဲလိုမျိုး ထိုခိုက်မှုနည်းတာလို့ မြင်ရပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်ဟု သိရသည်။

မေလ ၁၆ ရက်ကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် - ၁ အတွင်းက ကျေးရွာတစ်ရွာအနီးဝန်းကျင်ကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မေလ ၁၅ ရက်မှာလည်း တိုက်နယ်အမှတ် - ၁ ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီသည် လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကျောင်းသား ၁ ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၁၁ ဦး ထိခိုဒဏ်ရာများရရှိခဲ့ကြောင်း၊ ကျေးရွာစာသင်ကျောင်း အကြီးအကျယ် ထိခိုက်ပျက်စီး၍ ကျေးရွာအိမ်ခြေ ၄၂ အိမ် ထိခိုက်ပျက်စီးကာ တချို့အိမ်များမှာ မီးလောင်ပြကျခဲ့သည်ဟု သိရသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း ချင်းတော်လှန်ရေးတပ် သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းတပ်မြို့နယ်ကို စစ်ကောင်စီသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၁၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဗုံးဒဏ်ခံရသော ပြည်သူများ လူသားချင်းစာနာထောက်ပံ့မှု အကူအညီများ လိုအပ်နေသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...