ငလျင်ဒဏ်မခံရသော ဒေသများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း

ငလျင်ဒဏ်မခံရသော ဒေသများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း

မြန်မာနိုင်ငံအလယ်ပိုင်းတွင် မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် တလကျော်ကြာသည်အထိ စစ်ကိုင်းနှင့် မန္တလေးတို့ရှိ ငလျင်ဘေးမှလွတ်လာသူများသည် ဘေးဒုက္ခကို ဆက်လက်ခံစားနေကြရသည်။

လူနေထိုင်ရာအရပ်တခုလုံး အုတ်ကျိုးအုတ်ပဲ့ပုံအဖြစ် ရောက်ရှိသွားခဲ့သလို နေအိမ်များနှင့် စာသင် ကျောင်းများပျက်စီးကာ မိသားစုများသည် ပလတ်စတစ် အမိုးအကာများအောက်တွင် နေထိုင်နေကြရပြီး မိဘများက ပျောက်ဆုံးနေသော ကလေးများကို ရှာဖွေနေကြဆဲဖြစ်သည်။ ရေသန့်၊ အစားအသောက်၊ လျှပ်စစ်မီးနှင့် အင်တာနက်များကိုလည်း အကန့်အသတ်ဖြင့်သာရကာ လုံးဝမရသည့်နေရာလည်းရှိ သည်။ ဆေးရုံအများအပြားပျက်စီးပြီး အချို့မှာ လုံးဝပြိုကျခဲ့သည်။ လူအများမှာ အရေးပေါ်ဆေးကုသခွင့် မရရှိချိန်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် ဒရုန်းတိုက်ခိုက်မှုများကိုပါ ရင်ဆိုင်နေရသည်။

သို့သော် မြန်မာပြည် နေရာအတော်များများတွင် လွန်ခဲ့သည့် လေးနှစ်ကတည်းက ထိုအခြေအနေမျိုးနှင့် နေထိုင်နေကြရသူများရှိသည်။ ထင်ရှားသော ဥပမာတခုမှာ လူသားချင်းစာနာထောက်ထားမှု အခြေအနေ လွန်စွာဆိုးရွားနေသည့် ကရင်နီပြည်နယ်ဖြစ်သည်။ ကွင်းဆင်းလေ့လာတွေ့ရှိချက်များနှင့် ဒေသဆိုင်ရာ သက်သေခံချက်များအရ ယခုအခါ လူဦးရေအားလုံးနီးပါး နေရပ်ရွှေ့ပြောင်းနေကြရသည်။ နေရပ်ရွှေ့ ပြောင်းနေထိုင်သူ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများမှ ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ၁၀၀ ရာခိုင်နှုန်းနီးပါးရှိသည်ဟု အကူအညီပေးရေးသမားများနှင့် တော်လှန်ရေးတပ်ဖွဲ့များ က ပြောသည်။

ကုလသမဂ္ဂက ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်သူများ(IDPs)ကို “နေရပ် သို့မဟုတ် အိမ်များကို မဖြစ် မနေ စွန့်ခွာရသည့် နိုင်ငံတကာအသိအမှတ်ပြု နယ်စပ်ကိုဖြတ်မကျော်သူများ” ဟု သတ်မှတ်ထားသည်။

သို့သော် လက်တွေ့တွင် တရားဝင် မှတ်ပုံတင်ထားသော၊ တရားဝင် စိစစ်ထားသော သို့မဟုတ် အသိ အမှတ်ပြု ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သောသူများကိုသာ စာရင်းဇယားများတွင် ထည့်သွင်းရေ တွက်လေ့ရှိသည်။ မြေပြင်တွင်မူ မတူညီသော အခြေအနေများကိုလည်း မြင်တွေ့နေရသည်။ အရပ်သား အများအပြားသည် တောထဲသို့ ထွက်ပြေးခြင်း၊ ဘုရားကျောင်းများ၊ စာသင်ကျောင်းများ သို့မဟုတ် ယာယီ စခန်းများတွင် ခိုလှုံခြင်း၊ ထို့နောက် နေအိမ်များသို့ ခေတ္တပြန်လာခြင်း၊ ပြန်ပြေးခြင်း စသဖြင့် ကြိမ်ဖန်များ စွာ နေရပ်စွန့်ခွာနေရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ လူအများအပြားသည် ထွက်ပြေးလိုက် နေရပ်ပြန်လာလိုက်နှင့် သံသရာစက်ဝန်းထဲလည်နေပြီး မတည်ငြိမ်မသေချာသည့် အခြေအနေတွင် နှစ် ရှည်လများ နေထိုင်နေရသည်။ တောတောင်ဒေသ သို့မဟုတ် လျှို့ဝှက်နေရာများတွင် နေထိုင်ကြသော အိမ်သို့ ဘေးကင်းစွာ မပြန်နိုင်သူများပင် မရေမတွက်နိုင်အောင်ရှိသည်။

ယခုအခါ မြို့အများစုသည် ပေါင်းပင်များဖြင့်တောထနေသော စွန့်ပစ်အိမ်များ တသီတတန်းနှင့် တစ္ဆေမြို့ များအလား ခြောက်ကပ်နေသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ပြုပြင်ထိန်းသိမ်းမှု မရှိ၊ ပြည် သူ့ဝန်ဆောင်မှုများမရှိတော့ဘဲ ပုံမှန်ဘဝသို့ ပြန်မရောက်နိုင်တော့ပေ။ စစ်တပ်က ထိုနေအိမ်အများ အပြားနှင့် အနီးတဝိုက်တွင် မြေမြှုပ်မိုင်းများ ချထားခဲ့သည်။ မိုင်းနှင့် ဗုံးထောင်ချောက်များကို ကြောက် သဖြင့် အိမ်လွတ်များထဲသို့ မဝင်ရဲတော့သည့် လူအများအပြားသည် ပလတ်စတစ်ကာအမိုးအကာများဖြင့် ကာထားသော ယာယီဝါးတဲများတွင် နေနေကြသည်ကို တွေ့ရသည်။

ထပ်ခါတလဲလဲရွှေ့ပြောင်းရသည့် သံသရာသည် ကရင်နီပြည်နယ်၏ လူဦးရေအခင်းအကျင်းကို သိသိသာ သာ ပြောင်းလဲစေသည်။ စစ်မဖြစ်မီ တချိန်က မိသားစု ဒါဇင်ခန့်ဖြင့်သာနေသော အသိုက်အဝန်းများသည် ရွှေ့ပြောင်းဒုက္ခသည်များ ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီထားရှိသော ခိုလှုံရာနေရာများတွင် နေလာကြရ သည်။ ယခင်က မိသားစု ၅၀ ခန့်သာ နေထိုင်သည့် ရွာတရွာတွင် ယခုအခါ လူပေါင်း ၅,၀၀၀ ကျော် လာရောက် ခိုလှုံနေကြရသည်။ ထိုလူများသည် တော်လှန်ရေးအဖွဲ့ ထိန်းချုပ်ထားသော လွတ်မြောက်နယ် မြေများတွင် နေထိုင်ကြကာ ဒေသန္တရရင်းမြစ်အကန့်အသတ်နှင့် လူဦးရေမှာ တစတစ ထူထပ်လာသည်။

စစ်ကောင်စီက မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ပေးခြင်းမရှိသည့်အပြင် အဆိုပါစခန်းများကို ကုလသမဂ္ဂ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းများကလည်း ထောက်ပံ့ပေးထားခြင်းမရှိပေ။ ကမ္ဘာ့အဖွဲ့ အစည်းကြီးများသည် ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များကိုသာ ကူညီထောက်ပံ့ပြီး မြန်မာနိုင်ငံအတွင်း တွင်လည်း နေပြည်တော်ရှိ စစ်ကောင်စီမှတဆင့်သာ ပံ့ပိုးပေးလျက်ရှိသောကြောင့် အကူအညီများသည် တော်လှန်ရေးအဖွဲ့များထိန်းချုပ်ရာ ဒေသများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများထံ လုံးဝ မရောက်လုနီးပါး ဖြစ်သည်။

ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာဖြန့်ဖြူးခြင်းကဲ့သို့သော အကန့်အသတ်နှင့်သာ လုပ်ရသည့်ဝန်ဆောင်မှုများကို ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ဒေသခံ အရပ် ဘက်အဖွဲ့အစည်းများ၊ ကက်သလစ်အသင်းတော်နှင့် ပရိုတက်စတင့်အသင်းတော်များ၏ တနိုင်တပိုင် ကြိုးပမ်းမှုများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

စစ်ကောင်စီက ပြည်နယ်တဝန်း လျှပ်စစ်မီးဖြတ်တောက်ထားပြီး ရေပေးဝေခြင်းလည်းမရှိပေ။ မြစ်ချောင်း များ စတင်ခမ်းခြောက်လာချိန် အထူးသဖြင့် ခြောက်သွေ့ရာသီတွင် သန့်ရှင်းသောရေမှာ ရှားပါးသည်။ ဒေသခံများသည် ထင်းမီးကိုအသုံးပြုကာ ရေနွေးကြိုချက်ကြရသည်။ လောင်စာနှင့် အမိုးအကာအတွက် သုံးရခြင်းကြောင့် အကြီးအကျယ်သစ်တောပြုန်းတီးသဖြင့် မြေနိမ့်ပိုင်းများတွင် ရေကြီးခြင်းနှင့် တောင် ကုန်းများတွင် ခြောက်သွေ့ခြင်းတို့ကို ဖြစ်ပေါ်စေသည်။

ထို့ပြင် တချိန်က နေရပ်ရွှေ့ပြောင်းသူများထွန်ယက်စိုက်ပျိုးခဲ့သော လယ်မြေများသည် ပလပ်ထားရသော ကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုကို ပိုမိုဆိုးရွားလာစေသည်။ စခန်းအများစုသည် တလလျှင် တကြိမ်သာ စားနပ်ရိက္ခာဝေစုရရှိကြပြီး လူတဦးလျှင် ကုလသမဂ္ဂ၏ အနည်းဆုံးသတ်မှတ်ချက်ဖြစ်သည့် ဆန် ၁၆ ကီလိုဂရမ်သာ ရသည်။ အချို့စခန်းများတွင် မိသားစုတစုလုံးမှ ဆန် ၁၆ ကီလိုဂရမ်သာရရှိကြသည်ဟု ဆိုသည်။

ဆပ်ပြာ၊ ဆီနှင့် ပရိုတင်းရင်းမြစ်များ အပါအဝင် အဓိကမဟုတ်သော အိမ်သုံးကုန်များပေးဝေမှုမှာ ရှားပါး သို့မဟုတ် လုံးလုံးမရှိပေ။ စခန်းတော်တော်များများတွင် ခိုလှုံနေထိုင်သူများသည် ထမင်းတမျိုးတည်းသာ စားနေကြရသည်။ ယခင်က စိုက်ပျိုးရေးဒေသသည် ယခုအခါ အိမ်နီးချင်းထိုင်းနိုင်ငံမှ စားနပ်ရိက္ခာ တင် သွင်းမှုကို လုံးလုံးမှီခိုနေရပြီး ဗုံးကြဲခံရသော မပြုပြင်ရသေးသည့် လမ်းများပေါ်တွင် ကုန်ပစ္စည်းများ သယ်ယူရန်ခက်ခဲခြင်းနှင့် စစ်ပွဲများကြောင့် ကုန်စည်များမှာ အဆမတန် ဈေးကြီးလာသည်။ လမ်းများ သည် သွားလာရခက်ခဲသော သို့မဟုတ် အသုံးပြုရန် အန္တရာယ်များလွန်းသောကြောင့် ယခုအခါ ခရီးသွား အများစုသည် တောတွင်းလမ်းများနှင့် ကျဉ်းမြောင်းသော တောင်ကြားလမ်းများမှတဆင့် ခြေလျင် သို့ မဟုတ် မော်တော်ဆိုင်ကယ်ဖြင့်သာသွားလာကြရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပင်မသယ်ယူပို့ ဆောင်ရေးလမ်းကြောင်းများကို မကြာခဏ ပစ်မှတ်ထားလေ့ရှိသည်။

နေရပ်ရွှေ့ပြောင်းသူများသည် ဆပ်ပြာ သို့မဟုတ် သန့်ရှင်းရေးသုံးပစ္စည်းများ မရနိုင်၍ ရေချည်းဖြင့်သာ ဆေးကြောရသဖြင့် စခန်းများတွင် တကိုယ်ရေသန့်ရှင်းမှုမှာ စိုးရိမ်စရာဖြစ်လာသည်။ ထိုမသန့်ရှင်းသော အခြေအနေများသည် ပိုမိုဆိုးရွားသော ကျန်းမာရေးပြဿနာကိုဖြစ်စေသည်။ ကရင်နီပြည်နယ်ရှိ ဆေးရုံ တိုင်းနီးပါးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားကြပြီး အပြည့်အဝမလည်ပတ်နိုင်သော ဆေးရုံ နှစ်ရုံသာကျန်တော့သည်။ ဝန်ထမ်းအင်အားမှာလည်း မလုံမလောက်ဖြစ်နေကာ အချို့သောဆေးရုံများ သည် ဆရာဝန်တဦး၊ သူနာပြုအနည်းငယ်ဖြင့်သာ လည်ပတ်နေရပြီး အများစုမှာ အနည်းငယ် လေ့ကျင့် သင်တန်းပေးထားသည့် စေတနာ့ဝန်ထမ်းများ ဖြစ်သည်။

လူထောင်ပေါင်းများစွာလက်ခံထားရသည့် ပြည်တွင်းနေရပ်ရွှေ့ပြောင်း IDP စခန်းများတွင် ဆေးကုသခွင့် သိပ်မရရှိပေ။ ဆေးရုံများ၊ ကျောင်းများနှင့် ဘုရားကျောင်းများသည်လည်း မကြာခဏ ပစ်မှတ်ထားခံရ သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက စာသင်ကျောင်းတကျောင်းနှင့် ဆေးရုံတည်ရှိရာ အနီးနားတဝိုက် တွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် အသေအပျောက် မရှိခဲ့သော်လည်း ထိုသို့သောတိုက်ခိုက်မှုများသည် ကရင်နီပြည်နယ်နှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသည်။ ထိုလေကြောင်းတိုက်ခိုက်မှုအပြီး ကျန်ရှိနေသော ဆေးရုံနှစ်ရုံအနက် တရုံပိတ်ပြီး အဝေးတနေရာသို့ပြောင်းရွှေ့ခဲ့ရကာ ယခုအခါ အရေးပေါ်လူနာများကို အရေအတွက် အကန့် အသတ်ဖြင့်သာ စောင့်ရှောက်ပေးနိုင်သည်။

နေထိုင်သူများသည် လျှပ်စစ်ဓာတ်အားလိုင်းမရှိသဖြင့် ညအချိန်တွင် နေရောင်ခြည်စွမ်းအင်သုံး သို့မဟုတ် အားပြန်သွင်းနိုင်သော ဓာတ်မီးများကို အားကိုးကြရသည်။ ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံထားရပြီး Starlink ဂြိုဟ်တုအင်တာနက်မှာ တခုတည်းသော ဆက်သွယ်ရေးနည်းလမ်းဖြစ်သည်။ သို့သော် Starlink က ဈေးကြီးသောကြောင့် ပုံမှန်ဝင်ငွေမရှိသည့် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်သည် မသုံးနိုင်ကြပေ။

တော်လှန်ရေးတပ်စခန်းများ၊ ဘုရားကျောင်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းအနည်းငယ်သာ Starlink ချိတ်ထားကြပြီး အချို့ဆိုင်များသည် နာရီပိုင်းအလိုက် အခကြေးငွေဖြင့် လိုင်းရောင်းကြသည်။ ယုံကြည် စိတ်ချရသော ချိတ်ဆက်မှုမရှိခြင်းကြောင့် အကူအညီများ ဖြန့်ဖြူးခြင်းနှင့် လေကြောင်း တိုက်ခိုက်မှုများ ကိုရှောင်ရှားသည့် ကြိုးပမ်းမှုများကို အနှောင့်အယှက်ဖြစ်စေသည်။

မစ်ရှင်များအတွင်း ခုခံတော်လှန်ရေးအဖွဲ့များနှင့် ကယ်ဆယ်ရေးလုပ်သားများသည် အကူအညီတောင်း ရန် သို့မဟုတ် လေကြောင်းတိုက်ခိုက်မှုများအတွက် အချင်းချင်းသတိပေးရန် နည်းလမ်းမရှိဘဲ တခါတရံ စစ်ထရပ်ကားများဖြင့် သွားလာကြရသည်။ ခွန်ဘီထူးဦးဆောင်ကွပ်ကဲသည့် ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)သည် လေယာဉ်များကိုတွေ့ရှိချိန်နှင့် လေကြောင်းတိုက်ခိုက်မှုများ နီးကပ်လာချိန်တွင် အရပ်သားများကိုသတိပေးရန် အခြေခံကြိုတင်သတိပေးစနစ်တခုကို တီထွင်ရန်ကြိုးပမ်းနေသည်။ သို့ သော် ဖုန်းလိုင်းနှင့် အင်တာနက် အခြေခံအဆောက်အအုံများ မရှိခြင်းကြောင့် ထိုအစီအစဉ်ကို အကောင် အထည်ဖော်ရန် အထမမြောက်သေးပေ။

ယခုအခါ တော်လှန်ရေးတပ်ဖွဲ့များသည် နယ်မြေအများအပြားကိုထိန်းချုပ်ထားသည်။ ခွန်ဘီထူးက သွင်း ကုန်များအပေါ် မှီခိုရမှုကိုလျှော့ချပြီး လိုအပ်သောကုန်ပစ္စည်းများကို ထိထိရောက်ရောက် ဖြန့်ဖြူးနိုင်စေ ရေးအတွက် ပြည်သူများအား မူလနေရပ်သို့ ပြန်ရန်၊ လယ်ယာလုပ်ငန်း ပြန်လည်စတင်ရန်နှင့် ဆပ်ပြာ၊ ဓာတ်မြေသြဇာနှင့် တိရစ္ဆာန်အစာများထုတ်လုပ်ရန် စက်ရုံငယ်များဖွင့်စေချင်ကြောင်း ထုတ်ဖော်ပြော ဆိုခဲ့သည်။ သို့သော် မိုင်းရှင်းကိရိယာ ကောင်းကောင်းမရှိသောကြောင့် အဆိုပါနေရာအများစုသည် အန္တရာယ်မကင်းသေးဘဲ အသုံးမပြုနိုင်သေးပေ။ မိုင်းရှင်းလင်းခြင်းသည် နှစ်နှင့်ချီ၍ ကြာနိုင်ပြီး မိုင်းရှင်း ကိရိယာများ တင်သွင်းခြင်းဆိုင်ရာ နိုင်ငံတကာတားမြစ်ချက်များနှင့် လေ့ကျင့်သင်ကြားထားသည့် သင်တန်းပို့ချသူများ နိုင်ငံတွင်းသို့ တရားဝင် ဝင်ရောက်ခွင့်မရခြင်းတို့ကြောင့် ပိုအခက်တွေ့နေသည်။

မြန်မာနိုင်ငံရှိ ဘဝကဏ္ဍတိုင်းတွင် မလုံခြုံမှုများ လွှမ်းမိုးနေသည်။ ဒရုန်းတိုက်ခိုက်မှုများမှာလည်း ပို၍ အဖြစ်များလာသည်။ ယခုအခါတွင် မြို့ခံများ၊ လူကြီးများနှင့် ကလေးငယ်များသည် ဝေဟင်မှ လေယာဉ် သံကြားသည်နှင့် ဗုံးခိုကျင်းများဆီပြေးရန် အသင့်ပြင်ထားရသည်။ ကရင်နီပြည်ရှိ အဆောက်အအုံတိုင်း မည်မျှပင် အကြမ်းထည်ဖြစ်နေပါစေ ဗုံးခိုကျင်းတခုစီ ပါဝင်သည်။ ရွက်ဖျင်အမိုးများနှင့် ဝါးတဲများပင်လျှင် အနီးနားတွင် ပုန်းအောင်းရန် ကျင်းများရှိသည်။ နေရပ်ရွှေ့ပြောင်းကလေးများအတွက် စာသင်ကျောင်း များဖွင့်ပေးထားသည့် ဘုန်းတော်ကြီးတပါးက လေကြောင်းတိုက်ခိုက်မှုအတွက် လွယ်ကူသော ပစ်မှတ် များမဖြစ်စေရန် ကျောင်းသားများကို အုပ်စုငယ်များခွဲ၍ နေရာဖြန့်ကာထားရှိကြောင်း ရှင်းပြသည်။

တော်လှန်ရေးအဖွဲ့များနှင့်အတူ တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမများ၊ ဆရာဝန်များနှင့် ရဲဘော် များသည် လစာမရရှိပေ။ ၎င်းတို့သည် ပြည်သူများအတွက် အသက်ကိုစွန့်ကာ ဆက်လက်ကူညီလုပ်ကိုင် ပေးနေကြသည်။ ဆက်သွယ်ရေးစက်များ၊ မိုင်းရှင်းကိရိယာများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများကဲ့သို့ သော အသက်ကယ်အရင်းအမြစ်များသည် တန်ဖိုးကြီးမားပြီး ဝင်ငွေခွန်မရရှိသည့်မစို့မပို့ တော်လှန်ရေး အစိုးရဘတ်ဂျက်ဖြင့် ဝယ်ယူရမည်ဖြစ်သည်။

စားနပ်ရိက္ခာလိုအပ်နေသော မိသားစုများကို ကျွေးမွေးရမည့်စရိတ်များဖြင့် စက်ကိရိယာများဝယ်ယူလိုက် ရသည်ကို တော်လှန်ရေးခေါင်းဆောင်များက ရင်နာနာနှင့်သိရှိထားပြီးဖြစ်သည်။ တဖက်တွင်မူ စစ်ကောင်စီသည် တရုတ်နှင့် ရုရှားတို့၏ အထောက်အပံ့ကို ကောင်းကောင်းရရှိနေသည်။ စစ်ကောင်စီ တပ်ဖွဲ့များသည် လောင်စာဆီ၊ လေယာဉ်နှင့် ခေတ်မီလက်နက်များကို ဝယ်ယူနိုင်ကြသည်။

မတ်လ မြေငလျင်ကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံကို တခဏမျှ စိတ်ဝင်စားခဲ့ကြသော်လည်း ငလျင် နောက်ဆက်တွဲပြဿနာများ ဆက်ခံစားနေရသည့်တိုင် ၎င်းတို့၏အလေးထားအာရုံစိုက်မှုမှာ လျော့ပါး သွားပြီဖြစ်သည်။ ထို့ပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှ အစပြုခဲ့သော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းသည် နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်ပေးမှုမရှိခဲ့ဘဲ လေးနှစ်ကျော်ကြာသည် အထိ ဆက်ဖြစ်နေသည်။ ကျယ်ပြန့်သော ပြည်တွင်းစစ်သည် ၁၉၄၈ ခုနှစ်ကတည်းက ဖြစ်ပွားနေခြင်းဖြစ် သည်။ သို့သော် ကမ္ဘာ့နိုင်ငံများ၏ စိတ်ဝင်စားမှုသည် ယူကရိန်းမှ ဂါဇာ၊ ထို့နောက် ဆီးရီးယား၊ ယခုအခါ စည်းကြပ်ခွန်ပြဿနာများဆီ ရောက်သွားပြီး မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုနက်ရှိုင်းလာစဉ် အကြီးအကျယ် လျစ်လျူရှုခံနေရသည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...