တိုင်းရင်းမီဒီယာညီလာခံတွင် Bottom up Federalism အခြေခံမည့် မီဒီယာဥပဒေများ ရေးဆွဲပြင်ဆင်ရေး ဆွေးနွေးခဲ့

တိုင်းရင်းမီဒီယာညီလာခံတွင် Bottom up Federalism အခြေခံမည့် မီဒီယာဥပဒေများ ရေးဆွဲပြင်ဆင်ရေး ဆွေးနွေးခဲ့

နိုင်ငံတကာမြန်မာသတင်း - BNI က ကြီးမှူးပြီး မေလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ မြန်မာနိုင်ငံ ပြင်ပတစ်နေရာတွင် ပြုလုပ်သည့် ၉ ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် အောက်ခြေမှအထက် (Bottom up Federalism) ကို အခြေခံသည့် သတင်းမီဒီယာဥပဒေများ ပြင်ဆင်ရေးဆွဲရေး ဆွေးနွေးခဲ့ကြကြောင်း BNI ၏ မေလ ၁၀ ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

“အကျပ်အတည်းကာလ လွတ်လပ်သောသတင်းမီဒီယာများ ရှင်သန်ရေး” ဆောင်ပုဒ်ဖြင့် အဆိုပါညီလာခံတွင် BNI က စုဆောင်းထားသည့် Bottom up Federalism ကိုအခြေခံသော သတင်းမီဒီယာ ဆိုင်ရာဥပဒေများနှင့် ပတ်သက်၍ ပြင်ဆင်အကြံပြုချက်များကို ဆွေးနွေးခဲ့ကြသည်ဟု BNI က ဖော်ပြသည်။

“သက်ဆိုင်ရာပြည်နယ်အလိုက် အစိုးရတွေရှိသလို သက်ဆိုင်ရာသတင်းမီဒီယာဥပဒေတွေ ရှိသင့်တယ်။ အဲဒီကနေ ပြည်ထောင်စုအဆင့် သတင်းမီဒီယာဥပဒေအထိ သွားပြီးချိတ်ဆက်တာကိုဆိုလိုတာ။ BNI အနေနဲ့က အားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ စဥ်းစားချက်တွေရရှိအောင် ကြိုတင်စုဆောင်းပေးတဲ့ သဘောပါ။ ရေးဆွဲဖို့ တာဝန်ကြီးယူထားတဲ့ပုံစံမဟုတ်ဘူး။ ဥပဒေ ရေးဆွဲပြီး လွှတ်တော်တွေမှာအတည်ပြုနိုင်ဖို့ကတော့ IPCM (လွတ်လပ်သောမြန်မာသတင်းမီဒီယာ ကောင်စီ) လိုမျိုးရဲ့တာဝန်ပါ” ဟု BNI ၏ အယ်ဒီတာဘုတ်အဖွဲ့ဝင် နန်းဖော့ဂေက ပြောသည်။

BNI အနေဖြင့် သတင်းမီဒီယာဥပဒေများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာပါဝင်သူများ၏ အမြင်သဘောထားများအား ဆက်လက် စုဆောင်းရယူသွားဦးမည်ဖြစ်ကြောင်းလည်း နန်းဖော့ဂေက ဖြည့်စွက်ပြောသည်။

၎င်းအပြင် ညီလာခံ၏ဆောင်ပုဒ်နှင့်အညီ နိုင်ငံရေးအရှုပ်အထွေးကြားမှ သတင်းတင်ဆက်နေရသည့်အခြေအနေ၊ ဘဏ္ဍာရေးအပါအဝင် သတင်းသမားများ လတ်တလောကြုံရသော အခြားအခက်အခဲများ တင်ပြဆွေးနွေးပြီး တက်ရောက်လာသည့် အလှူရှင်နှင့်အဖွဲ့အစည်းများက ဝိုင်းဝန်းအကြံပြုခဲ့ကြသည်ဟု ထုတ်ပြန်ချက်ပါအရ သိရသည်။

နန်းဖော့ဂေက ဆက်လက်၍ “သတင်းဌာန၊ သတင်းသမားတွေအားလုံးက ပံ့ပိုးနေတဲ့အလှူရှင် တစ်ခုတည်းနဲ့ရပ်တည်ဖို့ခက်တယ်။ သတင်းဌာနတွေကိုယ်တိုင်လည်း ရပ်တည်ရေးအတွက် ကိုယ်ပိုင်ငွေရှာဖို့ကို ဆွေးနွေးအကြုံပြုကြတယ်။ NGO လို မီဒီယာမဟုတ်တဲ့အဖွဲ့တွေ တွေလည်း ဖြစ်ကောင်းဖြစ်မယ် ပူးပေါင်းပြီး လုပ်ဖို့ပေါ့။ တစ်စုံတစ်ရာအထောက်အကူဖြစ်မယ့် နည်းလမ်းတွေ ဒီညီလာခံမှာ ဆွေးနွေးအကြံပြုတာရှိတယ်” ဟု ပြောသည်။

ထို့အတူ မီဒီယာကောင်စီနှင့် အများပြည်သူကိုဝန်ဆောင်မှုပေးနေသည့် မီဒီယာတို့၏ တာဝန်ရှိ အဖွဲ့အစည်းများအနေဖြင့် အစိုးရသို့အမှီအခိုကင်းသောအဖွဲ့များဖြစ်ရန်လိုသလို တိုင်းရင်းသားနယ်ပယ်၊ ဒေသအခြေစိုက်ဖော်ပြသည့် တိုင်းရင်းမီဒီယာများအပါအဝင် ဒေသန္တရအခြေစိုက်သော သတင်းဌာနငယ်များနှင့် အရပ်ဖက်အဖွဲ့များ ပါဝင်စုဖွဲ့မှုလည်း လိုအပ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

သုံးရက်တာ ပြုလုပ်ခဲ့သည့် ၉ ကြိမ်မြောက် အဆိုပါညီလာခံသို့ လွတ်လပ်သည့် မြန်မာ့သတင်းမီဒီယာသမားများ၊ အလှူရှင်များအပါအဝင်၊ မီဒီယာကို ထောက်ပံ့ကူညီနေသည့် အဖွဲ့အစည်းကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများ စုစုပေါင်း လူပုဂ္ဂိုလ် ၁၃၀ နီးပါး တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

BNI က ဦးဆောင်ပြီး တိုင်းရင်း မီဒီယာညီလာခံကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် မွန်ပြည်နယ် မော်လမြိုင်တွင် စတင်ကျင်းပ၍ ၇ ကြိမ်မြောက်အထိ တောင်ကြီး၊ ဟားခါး၊ မြောက်ဦး၊ လွိုင်‌ကော်၊ ဖားအံနှင့် မြစ်ကြီးနားတို့တွင် နှစ်စဥ်ပြုလုပ်ကျင်းပခဲ့သည်။

ထို့နောက် စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာ ၂၀၂၃ ခုနှစ်မှ မြန်မာနိုင်ငံပြင်ပတစ်နေရာတွင် ၈ ကြိမ်မြောက်ညီလာခံကို ဆက်လက်ကျင်းပနိုင်ခဲ့သည်။

Most read this week

August 11, 2026
ကရင်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်အတွင်း မိုးရာသီကာလ ဒေသခံ...
ဓါတ်ပုံ - KILC
August 11, 2026
ဒေသအသီးသီးမှ အလွှာစုံ ကရင်မျိုးဆက် ခေါင်းဆောင်များနှင့် လူငယ်များ ပါဝင်မည့် တတိယအကြိမ်မြောက်...
August 11, 2026
ထိုင်းရောက် မြန်မာအလုပ်သမားများ အထောက်အထားကိစ္စ အပါအဝင် ဦးမင်းအောင်လှိုင်ကို ဆန္ဒပြခဲ့သည့်...
ဓါတ်ပုံ - KIC
August 10, 2026
တောင်ငူ-သံတောင်ကြီး လမ်းပေါ်ရှိ ပျားစခန်းကျေးရွာအနီး စစ်အုပ်စု တပ်ဖွဲ့ဝင်များ...