ရှင်ကျန်သူတွေကို ချောင်းနေတဲ့ လုပ်ကြံရေးသမား

ရှင်ကျန်သူတွေကို ချောင်းနေတဲ့ လုပ်ကြံရေးသမား

သဘာဝဘေးလို ဖြစ်ရပ်ဆိုး ကြုံလိုက်ရတဲ့ လူတစ်ယောက် စိတ်ဒဏ်ရာတွေကနေ သက်သာဖို့ အချိန် ၆ လလောက် ကြာနိုင်တယ်ဆိုတာ သင်သိပါသလား။

အဲဒီလို ဖြစ်ရပ်ဆိုးတွေ ကြုံပြီးနောက်ပိုင်း စိတ်ဒဏ်ရာရနိုင်မှု မြင့်မားတဲ့သူတွေထဲ ထိပ်ဆုံးက ပါဝင်နေတဲ့အုပ်စုက အမျိုးသမီးတွေဆိုတာကိုရော သိပါသလား။

အဲဒီလို ဖြစ်ရပ်ဆိုးကြုံခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ မရွှေစင်တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ သူဟာ အချစ်ဆုံးသူငယ်ချင်းကို မတ် ၂၈ ရက်က လှုပ်ခဲ့တဲ့ စစ်ကိုင်းငလျင်မှာ ဆုံးရှုံးခဲ့ရသူပါ။

"နောက်ထပ် သူ့ကို မတွေ့ရတော့ဘူးဆိုတဲ့အတွေးက ပိုပြီးတော့ကို ငိုချင်တာ" လို့ မရွှေစင်က ခံစားချက်ကို ပြောပါတယ်။

ဒါက ဆုံးပါးသွားတဲ့ သူငယ်ချင်းဖြစ်သူနဲ့ သူ့အကြောင်းကို မရွှေစင်က ရှိုက်သံတွေနဲ့အတူ ပြန်ပြောင်းပြောပြတာပါ။ သူတို့တွေဟာ ကချင်ပြည်နယ်က ဖြစ်ပါတယ်။

ငလျင်လှုပ်တုန်းက မဝင်းရွှေစင်ဟာ ပြည်ပနိုင်ငံတစ်ခုကို ရောက်နေတာပါ။ အဲဒီ ငလျင်ကြောင့် သူငယ်ချင်းဖြစ်သူ ဆုံးပါးသွားမယ်လို့လည်း မထင်ခဲ့ပါဘူး။

သူ့ သူငယ်ချင်းဟာ ငလျင်မလှုပ်ခင် တစ်ရက်အကြိုမှာမှ ကချင်ပြည်နယ်ကနေ မန္တလေးမြို့ကိုရောက်ပြီး ပြိုကျသွားတဲ့ Sky Villa မှာ နေထိုင်သွားခဲ့သူပါ။ သူငယ်ချင်းဖြစ်သူရဲ့  နာရေးကိုတော့ မရွှေစင် မီလိုက်ပါတယ်။

"ဆုံးသွားတယ်လို့ လက်မခံနိုင်သေးသလို ထပ်တူလည်းမကျသေးဘူး။ ရင်ထဲမှာတော့သူက အမြဲတမ်း အဲဒီလိုမျိုး ရှိနေသေးတယ်" လို့ သူကပြောပါတယ်။

မရွှေစင်လိုပဲ စစ်ကိုင်းငလျင်ကြောင့် ကိုယ်ချစ်ခင်တဲ့သူတွေ၊ မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရလို့ စိတ်သောကရောက်နေတဲ့သူတွေကလည်း အများအပြားပါ။ ဒါ့အပြင် နောက်ဆက်တွဲပြဿနာတွေ၊ ငလျင်ဆက်တိုက်လှုပ်တာတွေနဲ့ မလုံခြုံမှုတွေကြောင့်လည်း စိတ်ဒုက္ခရောက်နေရသူတွေက သိန်းချီရှိနေပါတယ်။

UNICEF က ဖန်တီးထားတဲ့ လူမှုအသိုင်းအဝိုင်းအတွက် အခမဲ့ သတင်းပို့၊ စစ်တမ်းကောက်တဲ့ ကွန်ရက်တစ်ခုဖြစ်တဲ့ U Report က ငလျင်အပြီး တစ်လအကြာမှာ စစ်တမ်းတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

စစ်တမ်းအရ ငလျင်ဒဏ်ကို ခံခဲ့ရသူ ၅ ယောက်မှာ ၂ ယောက်က စိတ်ဒဏ်ရာ ခံစားနေရပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာ ငလျင်ဒဏ်ကို ခံခဲ့ရတဲ့သူတွေအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နေတယ်လို့ U Report က သတိပေးထားတယ်။

"အထူးစောင့်ရှောက်ရမယ့် အုပ်စုတွေဆိုတာရှိတယ်။ အဲဒီမှာ အသက်အရမ်းကြီးတဲ့သူတွေ၊ အသက်အရမ်းငယ်တဲ့သူတွေ၊ ရောဂါရှိတဲ့သူတွေ။ အဲဒီမှာ အမျိုးသမီးလည်းပါတာပေါ့" လို့ ဖြစ်ရပ်ဆိုးတွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ စိတ်ဒဏ်ရာတွေရနိုင်တဲ့ လူအုပ်စုတွေအကြောင်း စိတ်ကျန်းမာရေး အထူးကုဆရာဝန် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာလင်းလူက ရှင်းပြတယ်။

အဓိကကတော့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုက စိတ်ဒဏ်ရာတစ်ခုအနေနဲ့ ဖြစ်သွားနိုင်ပြီး အဲဒါကို PTSD ခေါ်တယ်လို့ ဒေါက်တာက ရှင်းပြတယ်။

PTSD (Post-Traumatic Stress Disorder) ဆိုတာက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရစေနိုင်တဲ့ ကြောက်မက်ဖွယ်ရာ၊ ထိတ်လန့်တုန်လှုပ်စရာဖြစ်ရပ်တွေ ကြုံခဲ့ရပြီးနောက် ဖြစ်ပေါ်လာတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။ မတော်တဆ ပြင်းထန်တဲ့ထိခိုက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရမှုတွေ၊ အကြမ်းဖက်မှု၊ စစ်ပွဲတွေနဲ့ သဘာဝဘေးလို ဖြစ်ရပ်မျိုးတွေ ကြုံရပြီးနောက်ပိုင်းမှာ PTSD ခံစားရလေ့ ရှိတာပါ။

ဒါကြောင့် PTSD ဟာ ဖြစ်ရပ်ဆိုးကနေ ရှင်ကျန်သူတွေကို လုပ်ကြံဖို့ချောင်းနေတဲ့ အသံတိတ် လုပ်ကြံရေး သမားလို့ ဆိုရမှာပါ။

"ဆုံးရှုံးမှုက ပိုပြီးကြီးထွားလေလေ သူခံစားရတဲ့ဟာက ပိုပြီးပြန်းထန်လေလေလို့ ပြောရမှာပေါ့" လို့ ဒေါက်တာလင်းလူက ပြောပါတယ်။

ငလျင်လှုပ်ပြီးတာ တစ်လကျော်ကြာတဲ့အချိန်ထိ ဆုံးပါးသွားတဲ့သူတွေ ရှင်သန်နေသေးတယ်လို့ထင်တာ

မဝင်းရွှေစင် တစ်ယောက်တည်းမဟုတ်ပါဘူး။

"ပိတ်ထားတဲ့ ဖုန်းတွေကို ဆက်မိနေပြီး… မီးမစိမ်းတော့တဲ့ acc လေးတွေကို စာသွားပို့မိနေတုန်းဘဲ…"

ဒါက Facebook လူမှုကွန်ရက်ပေါ်က အမျိုးသမီးတစ်ယောက် ရေးထားတဲ့စာပါ။

အဲဒီအမျိုးသမီးဟာ အမေ၊ အစ်မ၊ ခဲအိုနဲ့ တူမ ဖြစ်သူတို့ကို ငလျင်ထဲမှာ ဆုံးရှုံးလိုက်ရသူ ဖြစ်ပါတယ်။

အမျိုးသမီးဖြစ်သူရဲ့ ပြောဆိုချက်တွေ၊ ရေးသားချက်တာတွေကို အပြစ်မမြင်ကြဖို့ သူ့ရဲ့ခင်ပွန်းဖြစ်သူ အဆိုတော်က လူမှုကွန်ရက်မှာ မေတ္တာရပ်ခံခဲ့ပါတယ်။

ဒေါက်တာလင်းလူကတော့ စိတ်ဒဏ်ရာတွေဟာ ပုံမှန်အားဖြင့် ၆ လလောက်အထိ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတတ်တယ်လို့ ပြောပါတယ်။

အဲဒီလိုအချိန်မှာ ဘေးလူတွေအနေနဲ့ ခံစားနေရသူတွေကို အားမလိုမရဖြစ်လို့ အပြစ်တင်ပြောဆိုတာမျိုးတွေ မလုပ်ဖို့လိုတယ်လို့လည်း ဒေါက်တာလင်းလူက သတိပေးပါတယ်။

"သူလက်ရှိဖြစ်နေတဲ့ စိတ်ခံစားချက်ကြောင့်ဖြစ်တဲ့ အခြေအနေကို အပြည့်အဝနားလည်ပေးမယ့်လူ လိုတာပေါ့။ ဘာမှကောင်းခြင်းဆိုးခြင်းပြောမျိုးမဟုတ်ဘူး၊ လက်ရှိအခြေအနေ၊ သူဖြစ်တဲ့အခြေအနေကိုပဲ လေးလေးစားစား လက်ခံပြီးတော့ သူလိုအပ်တဲ့ဟာကို ကူညီပေးမယ်ပေါ့" လို့ ဒေါက်တာက ပြောပါတယ်။

သူငယ်ချင်းကို ဆုံးရှုံးခဲ့တဲ့ မဝင်းရွှေစင်ကတော့ သူ့သူငယ်ချင်းအကြောင်းပြန်ပြောတိုင်း မျက်ရည်ကျ ချင်လာတယ်လို့ ဆိုပါတယ်။

"လူရှေ့သူရှေ့မှာ ငိုချတာ ၂ ခါ၊ ၃ ခါ‌ လောက်ဖြစ်နေပြီ။ အဲဒါဆို ကျွန်မအပြင်လည်းမသွားဘူး၊ ဒီတစ်လဆိုရင် အိမ်မှာပဲ" လို့ သူကပြောပါတယ်။

မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရတဲ့ အဆိုတော်ရဲ့ အမျိုးသမီးကလည်း "အမေရယ် လွမ်းလွန်းလို့ပါ … သမီးကိုဘာလို့တစ်ယောက်တည်းထားခဲ့ကြတာလဲ" လို့လည်း မေလ ၃ ရက်နေ့မှာ ရေသားခဲ့ပါတယ်။

ဒေါက်တာလင်းလူကတော့ ဒီလိုအချိန်မှာ စိတ်သောကရောက်နေသူတွေဟာ ကိုယ့်ကိုကိုယ် ဂရုမစိုက်တော့တာမျိုးတွေလည်းရှိနိုင်တာကြောင့် အချိန်မှန် အိပ်၊ အချိန်မှန်စားဖို့လည်း လိုတယ်လို့ သတိပေးပါတယ်။

ဖြစ်ရပ်ဆိုးကိုကြုံခဲ့ရတဲ့သူတွေအနေနဲ့ အခုအချိန်မှာ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေလိုအပ်တယ်ဆိုရင် ကိုယ့်ကိုကိုယ် သတိထားလက်ခံပြီး စိတ်ပိုင်ဆိုင်ရာထောက်ပံ့ပေးတဲ့နေရာတွေမှာ အကူအညီယူပါလို့လည်း သူက တိုက်တွန်းထားပါတယ်။

အဆိုးဆုံးဖြစ်လာနိုင်တဲ့အခြေအနေနဲ့ပတ်သက်လို့ ဒေါက်တာဆက်ပြောတာကတော့

"ပိုဆိုးလာရင် အရှုံးပေးချင်လာ တာမျိုးတွေရှိမယ်။ ကိုယ့်ကိုကိုယ်သတ်သေချင်တဲ့ အတွေးမျိုးတွေပေါ့"

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...