အိန္ဒိယက မြန်မာပိုင်နက်အတွင်း ၆ နေရာခန့်၌ ကျူးကျော်ပြီး ခြံစည်းရိုးကာရံနေမှုအား ရပ်ဆိုင်းရန်နှင့် ဆက်လက်ကာရံလိုပါက NUG ဗဟိုအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရန် တမူးဒေသအခြေစိုက် တော်လှန်ရေး အင်အားစုများက အိန္ဒိယအစိုးရထံ တောင်းဆိုထားကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဇွန်လမှစတင်၍ အိန္ဒိယအစိုးရသည် အိန္ဒိယ၊ မဏိပူရပြည်နယ်နှင့် မြန်မာ- တမူးမြို့နယ်စပ်အကြား ခြံစည်းရုံးကာရံမှု လုပ်ဆောင်ခဲ့ရာတွင် မြန်မာပိုင်နက်ဖြစ်သည့် တမူးမြို့နယ်အတွင်း ၆ နေရာခန့်ကို ဝင်ရောက်၍ နယ်မြေကျူးကျော်ကာ ခြံစည်းရိုးခတ်နေခြင်းဖြစ်ကြောင်း တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နာယကတစ်ဦးက “နယ်မြေကျူးကျော်ခြံခတ်တာကို အားလုံး သဘောထားအရ လက်မခံတဲ့အတွက် ကန့်ကွက်ထားတယ်။ မြေပြင်က ရဲဘော်တွေက ကိုယ်တိုင်သွားရောက် တားမြစ်ထားတယ်။ India ဘက်က ဆက်လုပ်ချင်တယ်၊ နှစ်နိုင်ငံတာဝန်ရှိသူတွေ နယ်မြေကွင်းဆင်းပြီး သဘောတူတဲ့နေရာမှာ ခြံစည်းရိုးဆက်ကာဖို့ ပြောပါတယ်” ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “ကျနော်တို့က အခုလိုတိုက်ပွဲကာလမှာ အခြေအနေမပေးသေးဘူး။ ဒီအတိုင်းပဲ ရပ်ထားဖို့ပဲ လိုလားပါတယ်။ ကွင်းဆင်းမယ်၊ ဆွေးနွေးမယ်ဆိုရင်လည်း NUG ဗဟိုအစိုးရနဲ့ပဲ ညှိနှိုင်းတိုင်ပင်ရမယ် ပြောထားပါတယ်” ဟု ပြောဆိုသည်။
လက်ရှိ စစ်အာဏာရှင်ကို တော်လှန်နေချိန်ကာလတွင် အိန္ဒိယအနေဖြင့် ခြံစည်းရိုးကာရံနေမှုကို ဆက်မလုပ် စေချင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးထံလည်း အိန္ဒိယဘက်မှ မြေပြင်ကျူးကျော်ထားမှုကို ပုံများနှင့်တကွ တင်ပြထားကြောင်း တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နာယက က ဆက်ပြောသည်။
နယ်မြေကျော်၍ ခြံစည်းရိုးခတ်မှုများကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နှင့် မြန်မာပိုင်နက် တမူးမြောက်ပိုင်း၊ မြို့သစ်မြို့၊ ဖိုင်ရန်ကျေးရွာ အနောက်ဘက်နယ်စပ် ဝမ်လီကျေးရွာအနီး၌လည်း ဖြစ်ပွားကြောင်း၊ ဒုတိယနေရာမှာ တမူးမြို့နှင့် မြို့သစ်မြို့အကြား တည်ရှိသည့် ဝက်ရှုကျေးရွာနှင့် ဆရာစံကျေးရွာအကြား (နယ်စပ် BP 82- 82 ကြား) ၊ တတိယနေရာမှာ တမူး- မိုးရေးနယ်စပ် One Gate အနီး BP 77 – 78 အကြား ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် စတုတ္ထနေရာမှာ တမူးမြို့တောင်ပိုင်း BP 75 - 76 ကြား၊ မီနိုရွာနှင့် ဘီတုရွာကြား (India ဘက်ကရွာ) နှင့် ပဥ္စမနေရာမှာ BP 74 - 75 ကြား၊ မျောက်ငိုခြံဘက်နှင့် နောက်ဆုံးနေရာမှာ ခမ်းပတ်မြို့အနီး ကမ္မကြီးရွာ အနောက်ဘက် BP 59 - 60 ကြား ဖြစ်သည်ဟု ဆိုသည်။
“အချို့နေရာ ပေ ၂၀၀ ၊ အချို့နေရာ မီတာ ၁၀၀ ရယ်၊ မီတာ ၂၀၀ ရယ်၊ အချို့နေရာ ၁ ဖါလုံ၊ အချို့နေရာ ၂ ဖါလုံ ခန့်၊ အဲလို တနေရာနဲ့ တနေရာမတူဘူး” ဟု တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နာယက က ဆက်ပြောသည်။
အိန္ဒိယတာဝန်ရှိသူများကလည်း မြန်မာတော်လှန်ရေးအင်အားစုများဘက်မှ တားမြစ်ချက်များကို တရားဝင် ပြောရေးဆိုခွင့်ရှိသူနှင့် ဆွေးနွေးလိုကြောင်း တုန့်ပြန်ထားသည်ဟု သိရသည်။
အိန္ဒိယနိုင်ငံသည် အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် ကီလိုမီတာ ၁၆၄၃ ရှည်လျားသော အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်နေခြင်းဖြစ်ပြီး ယင်းအတွက် ရူပီး ကုဋေ ၃၁၀၀၀ လျာထားသည်ဟု သိရသည်။
နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ခြင်းအားဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုတင်သွင်းမှုများကို ဟန့်တား နိုင်မည်ဖြစ်ပြီး ဒေသအတွင်းလည်း နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာမည်ဖြစ်သည်ဟု အိန္ဒိယအာဏာပိုင်များက ပြောဆိုထားသည်







