ဗန်းမော်တွင် လေကြောင်းဗုံးကြဲခံရ၍ အရပ်သား ၁၅ ဦးထက်မနည်း သေဆုံး

ဗန်းမော်တွင် လေကြောင်းဗုံးကြဲခံရ၍ အရပ်သား ၁၅ ဦးထက်မနည်း သေဆုံး

ကချင်ပြည်နယ် ဗန်းမော်မြို့၊ ကမ်းနားရိပ်သာဘုန်းကြီးကျောင်းကို ယနေ့ (မေလ ၈ ရက်) ညနေ ၅ နာရီကျော်အချိန်ခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားသောကြောင့် အရပ်သားဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးကာ ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ဗန်းမော်ဒေသခံများထံမှ သိရသည်။

“ဘုန်းကြီးကျောင်းကိုပဲ လာချသွားတာပါ။ အဲ့ဒီနေရာက ပြည်သူတွေပဲရှိတယ်ဆိုတာ စစ်တပ်အသိဆုံးပါ။ ဘာလို့လဲဆိုတော့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ စကတည်းက ကမ်းနားလမ်းမှာ စစ်တပ်ထိုင်ထားခဲ့တာ အခုထိပဲဖြစ်လို့ပါ။ ဒီတိုင်းကြဲတာပါ” ဟု ဗန်းမော်မြို့ဒေသခံတဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ဘုန်းကြီးကျောင်းအတွင်းမှ လူနာများနှင့် ဒေသခံများကို ကယ်ထုတ်နေရဆဲဖြစ်သောကြောင့် သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များနှင့်အတူ ဒဏ်ရာရရှိထားသူများ၏ နောက်ဆက်တွဲအခြေအနေများကို မသိရှိနိုင်သေးပေ။

ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်နှင့် ကချင် လွတ်လပ်ရေးတပ် KIA တို့ကြားတိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့ပေါ်တွင် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၂၁) ကို ဦးတည်၍ KIA က တိုက်ခိုက်လျက်ရှိကာ စစ်ကောင်စီတပ်ဘက်ကလည်း အပြင်းအထန်ခုခံနေသည့်အခြေအနေဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကိုပြောဆိုထားသည်။

မြေပြင်ထောက်ပို့လမ်းကြောင်းများ ဖြတ်တောက်ခံထားရသည့် စစ်ကောင်စီတပ်သည် ဗန်းမော်မြို့ပေါ်သို့ ရိက္ခာ၊ ခဲယမ်းနှင့် စစ်ကူများကို လေကြောင်းမှသာပေးပို့နေရခြင်းဖြစ်သည်။

ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်ဘက်မှ စကခ (၂၁) ၊ ခြေလျင်တပ်ရင်း ခလရ (၄၇)၊ အမှတ် (၉၁၄) စစ်အင်ဂျင်နီယာတပ်၊ အမှတ် (၉၃၃) ထောက်ပံ့ပို့ဆောင်ရေးတပ်၊ အမှတ် (၁၁) စစ်မြေပြင်ဆေးတပ်ရင်း၊ တပ်မ (၈၈) လက်အောက်ခံတပ်ရင်း စသည့် တပ်စခန်းများ ကျန်ရှိနေသေးပြီး မြို့ပေါ်နေရာအများစု အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်း၊ အမြောက်တပ် (၃၆၆) နှင့် ဗန်းမော်လေဆိပ်တို့ကို KIA ပူးပေါင်းတပ်များမှ သိမ်းပိုက်ထားပြီးဖြစ်သည်။

ဗန်းမော်မြို့တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲသည် ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...