သံတောင်-တောင်ငူလမ်းပိတ်ထားသဖြင့် ပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်နေ

သံတောင်-တောင်ငူလမ်းပိတ်ထားသဖြင့် ပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်နေ

ကရင်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ တပ်မဟာ (၂)၊ သံတောင် ကြီးမှ တောင်ငူမြို့နယ်သို့ ကူးသန်းသွားလာသည့် အဓိကလမ်းမကြီး ပိတ်ထားသဖြင့် နေရာအချို့တွင် ကုန်ပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်နေသည်ဟု သံတောင်ကြီးဒေသခံများက ပြောသည်။

နယ်မြေတွင်းသွားလာသည့် ဒေသခံများ၏ လုံခြုံရေးအတွက် KNU၊ တပ်မဟာ (၂) ဘက်က အဆိုပါလမ်းကို မေလ (၁) ရက်နေ့က စတင်ပိတ်ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လမ်းပိတ်ပြီးနောက်ပိုင်း သံတောင်ကြီးမြို့တွင် စက်သုံးဆီနှင့် စားသုံးကုန်ပစ္စည်းအချို့ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး လိပ်သိုမြို့တွင်လည်း ဆန်ဈေးများမြင့်တက်ကုန်သဖြင့် လမ်းပိတ်မှု ရက်ကြာရှည်မည်ကို စိုးရိမ်ရသည်ဟု သံတောင်ကြီးမြို့အတွင်းနေ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လမ်းပိတ်မယ်လို့ကြိုသိတဲ့ ၂ ရက်လောက်က တောင်ငူမှာဆန်သွားဝယ်ကြတယ်။ ဒါပေမဲ့ ကြားနေကျဆိုတော့ ပုံမှန်ပဲထင်ပြီး အများကြီးဝယ်မထားကြတာ။ ဒီပုံစံအတိုင်း တစ်လနှစ်လလောက်ထိ ပိတ်ထားဦးမယ်ဆို အဆင်မပြေဘူး။ အခုတောင် ဆန်ဆိုင်တချို့ဆို အရောင်းပါးသွားပြီ။ တချို့ စားစရာတွေ ပစ္စည်းပြတ်တယ်။။ ဓာတ်ဆီလည်းမရောင်းတော့ဘူး။ ဟိုရက်က ထုတ်ရောင်းတဲ့ဆီတောင် တစ်လီတာ တစ်သောင်းခွဲအထိ ပေးရတယ်။ ကျမတော့ ဆိုင်ကယ်မစီးတော့ဘူး ခြေထောက်နဲ့ပဲသွားတယ်” ဟု အဆိုပါအမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။

စားစရာကိစ္စအပြင် ကျန်းမာရေးကိစ္စအရေးပေါ်ဖြစ်လာပါက တောင်ငူမြို့သို့သာ အားထားသွားရမည်ဖြစ်သောကြောင့် စိုးရိမ်မှုရှိနေသော်လည်း ဒေသခံအများစုမှာ တောင်ငူ- သံတောင် လမ်းပိတ်ထားသည့်အတွင်း အရဲစွန့်ပြီး မသွားလာရဲကြဟု ဆိုသည်။

တောင်ငူမြို့နေ နောက်ထပ် အမျိုးသမီးတစ်ဦးကလည်း “ဟိုဘက်မှာ ဆန်တို့ဆီတို့ ပြတ်ကုန်ပြီလို့ပြောတယ်။ တောင်ပေါ်ကနေ ဒီဘက်ကိုအလုပ်လာလုပ်တဲ့သူတွေလည်း ရှိတယ်လေ။ သွားပြီးပြန်ဆင်းလာမရတော့ ဟိုဘက်ရော ဒီဘက်ရော ပိတ်မိသလိုဖြစ်နေတာ။ တချို့ဆို မိခင်နဲ့ကလေးတွေ တကွဲတပြားဖြစ်ကုန်တာလည်းရှိတယ်။ တောင်ငူကနေ ခြောက်မိုင်အထိသွားလို့ရတယ် ဆိုပေမယ့် ဟိုနေ့က လက်နက်ကြီးကျလို့ လေးမိုင်အထိတောင် သွားမရဲတော့ဘူး” ဟု ၎င်းကပြောသည်။

ဖော်ပြပါ ပြောဆိုမှုအရ ပြီးခဲ့သည့် မေလ ၄ ရက်နေ့က တောင်ငူ-သံတောင်လမ်း၊ လေးမိုင်တွင် နေထိုင်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သော လက်နက်ကြီးကျသဖြင့် သေဆုံးခဲ့ရသည့်အတွက် လေးမိုင်မှဆက်ပြီး မသွားမလာရဲ အခြေအနေဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ထို့အတူ စစ်တပ်က အာဏာသိမ်းထားသည့် လေးနှစ်တာကာလအတွင်း တောင်ငူ-သံတောင်-လိပ်သို လမ်းမကြီးပေါ် ဖြတ်သန်းပြေးဆွဲနေသည့် ကုန်တင်ယာဥ်များအပါအဝင် တောင်ငူမှဆန်ကို အဓိကထား ဝယ်ယူသုံးဆွဲရသည့် ဒေသခံများမှာ စစ်ကောင်စီတပ်ဂိတ်များက အခွန်အဆမတန်ကောက်ယူခြင်း၊ ဆန်နှင့်ဓာတ်ဆီ သယ်ဆောင်ခွင့်ကို ကန့်သတ်ခြင်းတို့ကြောင့် လူမှုစီးပွားသွားလာရေး အခက်အခဲ တွေ့ကြုံခဲ့ရသည်။

Most read this week

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...