ပူတာအို - ခေါင်လန်ဖူးလမ်း ပျက်စီးနေပြီး သွားရေးလာရေး အခက်ကြုံ

ပူတာအို - ခေါင်လန်ဖူးလမ်း ပျက်စီးနေပြီး သွားရေးလာရေး အခက်ကြုံ

မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြန်မာပြည်မြောက်ဖျားပိုင်းက ပူတာအို - ခေါင်လန်ဖူးလမ်း ပျက်စီးနေပြီး ဒေသခံတွေ သွားရေးလာရေး အခက်ကြုံနေရတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့အပတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လမ်းနေရာတော်တော်များများမှာ မြေပြိုပြီး လမ်းပျက်စီးတာတွေဖြစ်ပေါ်ခဲ့တာလို့ ပူတာအိုဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ပူတာအို-ခေါင်လန်ဖူးလမ်းကျတော့ ရီဒမ်းနဲ့ ဆန်းလွတ်ချက်ကြားထဲမှာ တော်တော်လေး ဆိုးဆိုး ဝါးဝါး ပျက်စီးသွားတယ်လို့ ကြားရတယ်။ ဆိုင်ကယ်တွေသွားဖို့လည်း တော်တော်ခက်ခဲတယ်လို့ သိရတယ်" လို့ ဆိုပါတယ်။

ပြုပြင်ထားတာ မကြာသေးတဲ့ ခေါင်လန်ဖူးနဲ့ ရီဒမ်းရွာကြားက လမ်းလည်း ပြန်လည် ပျက်စီးသွားပြီဖြစ်ပြီး ကားသွားလို့မရတော့သလို ဆိုင်ကယ်သွားလာဖို့ကို ခက်ခဲသွားတာလို့ သိရပါတယ်။

အခုလို လမ်းပျက်စီးနေတာကြောင့် ၁၂ တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရမယ့်သူတွေလည်း သွားရေးလာရေး အခက်ခဲကြုံနေရကြောင်း ဆိုပါတယ်။

ဒေသခံတွေ အားထားရပြီး ကုန်စည်စီးဆင်းရာ လမ်းကြောင်းဖြစ်တဲ့အတွက် ပျက်စီးနေတဲ့ လမ်းနေရာတွေကို သက်ဆိုင်ရာက အမြန်ပြုပြင်ပေးစေလိုတယ်လို့လည်း အခုလိုပြောပါတယ်။

"အမြန်မပြုပြင်နိုင်ရင်က ဒေသခံတွေအတွက် အခက်အခဲအများကြီး ဖြစ်နိုင်တယ်။ ဒေသခံတွေက ဒီလမ်းကြောင်း တစ်ခုနဲ့ပဲ အခြေခံစားသောက်ကုန်တွေ အကုန်လုံး သယ်ယူရတာဆိုတော့ လမ်းပျက်စီးရင်တော့ တော်တော်လေးအခက်ခဲဖြစ်နိုင်တယ်" လို့ ဒေသခံက ဆက်လက်ပြောပါတယ်။

ခရီးသည်တင်ကားတွေနဲ့ ကုန်စည်တင်ဆောင်တဲ့ကားတွေလည်း ခေါင်လန်ဖူးဘက်ခြမ်းမှာ ပိတ်မိနေတာရှိသလို ပူတာအိုဘက်က တက်တဲ့ကားတွေကလည်း ရပ်တန့်နေရတဲ့ အခြေအနေတွေ ကြုံနေရတာကြောင့် ခေါင်လန်ဖူးဒေသဘက် ကုန်ဈေးနှုန်းတွေ အချိန်မရွေး မြင့်တက်နိုင်တဲ့ အခြေအနေရှိတယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာတော့ ပျက်စီးနေတဲ့လမ်းနေရာတွေကို ပြုပြင်ပေးဖို့အတွက် သက်ဆိုင်ရာကို တင်ပြ အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

ခေါင်လန်ဖူးဒေသဟာ နဂိုကတည်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပြီး ဖောက်ထားတဲ့လမ်းတွေကလည်း တောင်ပေါ်လမ်းတွေဖြစ်တာကြောင့် ရာသီဥတုဆိုးရွားပြီး မိုးရွာများရင် မကြာခဏဆိုသလို မြေပြိုတာ၊သစ်ပင်လဲတာတွေကြောင့် လမ်းပျက်စီးလေ့ရှိတာ ဖြစ်ပါတယ်။

June 6, 2026
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းပိုင်းအတွင်း စစ်အုပ်စုနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ဇွန်လ ၅...
June 3, 2026
စစ်ရှောင်ကျောင်းသူ/သား ၁,၀၀၀ ကျော် တက်ရောက်နေတဲ့ နောင်းချိန်းအထက်တန်းကျောင်းမှာ...
June 2, 2026
မြန်မာက ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် မြေရှားသတ္တု အကြောင်းဆွေးနွေးခဲ့တယ်လို့...
May 30, 2026
ခါကာဘို — ကချင်ပြည်နယ်မြောက်ဖျားက နှင်းဖုံးတောင်တန်းတွေ ဝန်းရံထားတဲ့ ပူတာအိုဒေသကို...