အပစ်ရပ် ထပ်တိုးကြေညာသည့်ရက်တွင် PNLO ဌာနချုပ်နယ်မြေကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်

အပစ်ရပ် ထပ်တိုးကြေညာသည့်ရက်တွင် PNLO ဌာနချုပ်နယ်မြေကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်

အပစ်ရပ် ထပ်တိုးကာလအတွင်း စစ်ကောင်စီက ရှမ်းပြည်တောင်ပိုင်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဌာနချုပ်အနီးက ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

ငလျင်ဘေး ပြန်လည်ထူထောင်ရေး ထပ်တိုးလိုက်သည့် အပစ်ရပ်ကာလ ဧပြီလ ၂၂ ရက်နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု PNLO သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်းရိန်းယံက ပြောသည်။

“ဖြစ်စဉ်ကတော့ မနေ့ကဖြစ်တာပေါ့နော စစ်ကောင်စီကတော့ သူတို့ အပစ်ခတ်ရပ်စဲထားတယ်လို့ ကြေညာထားတဲ့ နောက်ဆုံးရက်၊ ပြီးတော့ လကုန်အထိ သူတို့ထပ်ပြီး သက်တမ်းတိုးတဲ့ရက် အဲဒီရက်မှာပဲ သူတို့က ကျနော်တို့ ဌာနချုပ်နားမှာရှိတဲ့ ကျေးရွာတွေ နောင်ထောကျေးရွာတွေကို ၈၁ မမတွေ ပြီးတော့ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ သုံးပြီးတော့မှ ပစ်ခတ်တိုက်ခိုက်တယ်။ အနည်းဆုံး ၁၀ ကြိမ်ပေါ့လေ ပေါက်ကွဲတာတွေလည်းရှိတယ်။ မပေါက်ကွဲတာတွေလည်း ရှိတယ်၊ ပြည်သူလူထုရဲ့ အိမ်တစ်ချို့ ထိခိုက်တယ် လူထိခိုက်မှုတော့ မရှိပါဘူး”

ငလျင်ကြောင့် ပျက်စီးမှုများရှိခဲ့သည့် ပအိုဝ်းဒေသတွင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေသည့်အတွက် PNLO ဘက်ကလည်း အပစ်ခတ်ရပ်ထားသည့် ကာလ၌ စစ်ကောင်စီဘက်က တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ခွန်းရိန်းယံက ဆက်ပြောသည်။

“မြေငလျင်လှုပ်ပြီး နောက်ပိုင်းမှာ ပြန်လည်ထူထောင်ရေးတွေ တစ်ချို့ ပအိုဝ်းဒေသမှာလည်း လူသေဆုံးတာတွေ အိမ်ပြိုတာတွေလည်းရှိတော့ ကျနော်တို့လည်း စစ်ရေးဖော်ဆောင်မှုတွေ စစ်ရေးပြင်ဆင်မှုတွေ မလုပ်ဘဲနဲ့ ပြည်သူလူထုတွေရဲ့ ဒုက္ခတွေကို စာနာတဲ့အနေနဲ့ အပစ်ရပ်ထားတာမျိုးတွေ ရှိပါတယ်။ အဓိက, က ထိုးစစ်တွေ မလုပ်ကြဘူးပေါ့လေ။ ဒါပေမယ့် စစ်ကောင်စီလည်း အဲ့လိုမျိုး ကြေညာထားတဲ့အထဲမှာကိုပဲ ကျနော်တို့ကို တိုက်ခိုက်တာတွေတော့ ရှိတာပေါ့နော”

စစ်ကောင်စီတပ်သည် အပစ်ရပ်ကာလတွင် ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်နေခြင်းမှာ တည်ငြိမ်မှုကို အမှန်တကယ် မလိုလားသည့် သဘောမျိုးဖြစ်နေသည်ဟု ဆက်ပြောသည်။

ခွန်းရိန်းယံက “ဒီလုပ်ရပ်တွေက သေချာကြည့်လိုက်ရင် စစ်ကောင်စီက ကျနော်တို့ဒေသမှာပဲ မဟုတ်ဘူး။ တခြားဒေသမှာလည်း အပစ်ရပ်ထားတယ်ဆိုပြီးတော့မှ ဗုံးတွေကြဲတယ်။ ကလေးတွေကစ သေဆုံးရတယ် ဆိုတဲ့ဟာတွေ တွေ့ရတယ်ပေါ့နော်၊ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ငြိမ်းချမ်းမှု တည်ငြိမ်မှုကို တကယ်လိုလားတာ မဟုတ်ဘူးဆိုတာ တွေ့မြင်ရတဲ့ အနေအထားဖြစ်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့ အပစ်ရပ်ကာလအတွင်း၌လည်း PNLO ဌာနချုပ် ဧရိယာထဲကို လေကြောင်းမှ  လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်းမျိုး ရှိခဲ့သည်ဟု ဆိုသည်။

အပစ်ရပ်ကာလမှာပင် စစ်ကောင်စီက ပအိုဝ်းဒေသအပါအဝင် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်၊ ကရင်၊ ကရင် နီ၊ ချင်း၊ ရခိုင်၊ ရှမ်းမြောက်ဒေသနှင့် နိုင်ငံတဝန်း လက်နက်ကြီးအပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် လုပ်နေသောကြောင့် ၎င်းတို့ကိုယ်တိုင် ကြေညာခဲ့သည့် အပစ်ရပ်ကြေညာမှုကို နေ့စဉ် ချိုးဖောက်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...