စစ်ကောင်စီ ထိန်းချုပ်ထားသော တမူးမြို့ကို ကုန်စည်စီးဆင်းမှု စတင်ဖြတ်တောက်

စစ်ကောင်စီ ထိန်းချုပ်ထားသော တမူးမြို့ကို ကုန်စည်စီးဆင်းမှု စတင်ဖြတ်တောက်

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန် ပြင်ဆင်နေသည့်အတွက် တမူးမြို့သို့ သယ်ယူပို့ဆောင်နေသော ကုန်စည်များအားလုံးကို ဧပြီလ ၂၀ ရက်နေ့ကစ၍ ပိတ်ပင်ထား‌ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်ဟု သိရသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော တမူးမြို့သည် စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့သိမ်းစစ်ဆင်ရေးဆင်နွှဲရန်နှင့် စစ်ကောင်စီကို ရိက္ခာများဖြတ်တောက်ရန်အတွက် ယခုကဲ့သို့ ပိတ်ပင်ခြင်းဖြစ်သည်ဟု သိရသည်။

"တမူး မြို့သိမ်းစစ်စင်ရေးဆင်နွှဲမှာဖြစ်တဲ့အတွက် တမူးမြို့သို့ သယ်ယူပို့ဆောင်နေသော ကုန်စည်များအားလုံး အားလုံး သယ်ဆောင်ခြင်းမပြုပါဘူး၊ တစ်ဘက် အိန္ဒိယနိုင်ငံဖက်အခြမ်းကိုလဲ သယ်ယူပို့ဆောင်ရောင်းဝယ်ခြင်း လုံးဝ လုံးဝ မရပါ၊ ခိုးယူသယ်ဆောင်ခြင်း၊ ဒေသတွင်းတပ်ဖွဲ့များကို ငွေကြေးလာဘ်ထိုးကာ တရားမဝင်သယ်ဆောင်ခြင်းများ လုံးဝ လုံးဝ မပြုကြရန် သတိပေးအပ်ပါတယ်” ဟု တမူးခရိုင် အမှတ် (၂) တပ်ရင်းက တာဝန်ရှိသူက ဖော်ပြထားသည်။

ယခုထုတ်ပြန်သည့် အမိန့်ကို လိုက်နာခြင်းမရှိပါဘဲ ကုန်စည်ကူးသန်းပို့ဆောင်ခြင်းများရှိခဲ့ပါက ထိရောက်စွာ အရေးယူခံရမည်ဟုလည်း ဆိုသည်။

တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း ငွေကြေးကောက်ခံ၍ ခိုးလမ်းကြောင်းများမှ တရားမဝင်လွှတ်ပေးသည့် သတင်းသော်လည်းကောင်း၊ မျက်မြင်ဖမ်းစီးမိလျှင်သော်လည်ကောင်း သက်ဆိုင်ရာ စစ်စည်းမျဥ်း စည်းကမ်းအတိုင်း ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမည်ဟု တမူးခရိုင် အမှတ် (၂) တပ်ရင်းတာဝန်ရှိသူက ဆိုသည်။

ယခုကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ သတင်းထုတ်ပြန်မှုရှိလာသောကြောင့် တမူးမြို့ပေါ်တွင် ကုန်ဈေးနှုန်းများ မြင့်တက်လာကာ ကုန်ပစ္စည်းများလည်း ပြတ်လပ်မှုများရှိလာကြောင်း တမူးမြို့ခံတစ်ဦးက ယခုလိုပြောသည်။

“လူငယ်တွေက လိုင်းပေါ်ကနေ ကြေညာလိုက်တာ။ ၂၀ ရက်နေ့က နောက်ဆုံးထားပြီးတော့ တင်းတင်းကြပ်ကြပ် ပိတ်လာတာပေါ့။ ဘုက္ကန်ကျေးရွာက ဂိတ်ဆုံးပဲ။ အောက်ပိုင်းကနေလာတဲ့ ပစ္စည်းတွေအားလုံး ဒီ အိန္ဒိယဖက်ခြမ်းကို လုံးဝ မဝင်ရ၊ ပြောရမယ်ဆိုရင် တမူးမြို့ကို အပ်တိုတချောင်းမှ မဝင်ရဘူး။ ကုန်ဈေးနှုန်းတွေက တက်တာပေါ့။  စားသောက်ကုန်၊ ဘီယာ၊ အရက်၊ ဆေးလိပ်၊ ကွမ်းရွက်ကအစပေါ့၊ ကွမ်းရွက်ဆိုရင် ဘုက္ကန်မှာ ၁ ပိဿာမှာ (၇) ထောင်၊ (၆) ထောင်ဆိုရင် တမူးမှာ (၃) သောင်း၊ (၄) သောင်းပေါ့။ ဆန်ကတော့ ကြိုတင်လှောင်ထားတာတွေ ရှိကြတယ်။ လောလောဆယ် သူတို့သုံးတဲ့ ဘီယာ၊ ဆေးလိပ်တို့ကတော့ မဝင်တာလည်း ကြာခဲ့ပြီ အခွန်ကလည်း တိုးကောက်ထားတာဆိုတော့၊ အရင်ကတည်းက နည်းနည်းပဲဝင်တာဆိုတော့ အခုက ပိတ်လိုက်တော့ လုံးဝ ပြတ်သွားပြီ” ဟု ပြောသည်။

လက်ရှိ တမူးမြို့ပေါ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း ပြည်သူအများစုမှာ အိန္ဒိယနယ်စပ် မိုးရေးနှင့် လွတ်မြောက်ရာဒေသများထံသို့  ကြိုတင်စစ်ဘေးတိမ်းရှောင်သူ ရှိလာသည့်အပြင် အချို့မှာ မြို့သိမ်းတိုက်ပွဲ စတင်ချိန်မှ စစ်ဘေးတိမ်းရှောင်ရန် ပြင်ဆင်သူများလည်းရှိသည်ဟု သိရသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...