သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ရောက်ရှိနေပြီး တရုတ်နိုင်ငံအလံပါ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်းများလည်း ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။
ဧပြီလ ၁၉ ရက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ တရုတ်နိုင်ငံအလံနှင့် “ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့” ဟူ၍ တရုတ်နှင့် မြန်မာစာတန်းရေးထိုးထားသည့် ကားအစီးရေ (၃၀) ခန့် ယာဉ်တန်းများ စတင်ဝင်ရောက်လာခဲ့ကြောင်း လားရှိုးမြို့ ဒေသခံများက ပြောဆိုသည်။
“တရုတ်က အပစ်ရပ်အဖွဲ့ မြို့ပေါ်ရောက်လာတာ ဟုတ်တယ်။ တရုတ်တွေဝင်လာတဲ့ လမ်းကြောင်းက ချင်းရွှေဟော်ဘက်က ဖြစ်နိုင်တယ်။ တချို့လည်း ‘ဝ’ ထိန်းချုပ်တဲ့ နမ့်တစ်ဘက်က လာတယ်လို့ ပြောကြတယ်။ ဗီဒီယိုထဲတွေ့ရတာက ချင်းရွှေဟော်နဲ့ ကွမ်းလုံကြားထဲမှာ ရိုက်ထားတာ၊ ကားအစီး ၃၀ လောက် ကိုးကန့်လုံခြုံရေးနဲ့လာတာ” ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီဘက်မှ ထိပ်တန်းအရာရှိအချို့နှင့်အတူ တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းလည်း ရောက်ရှိနေပြီး ကိုးကန့်တပ်ဖွဲ့ MNDAA တာဝန်ရှိသူများနှင့် သုံးပွင့်ဆိုင် ဆွေးနွေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။
“တိန့်ရှီကျွင်းလည်း လားရှိုးရောက်နေတယ်၊ စကစဘက်က တိုင်းစစ်ဦးစီးချုပ်လည်း ရောက်နေတယ်။ စရဖတပ်မှူးတွေလည်း ရောက်နေတယ်။ ၂၁ ရက်နေ့ကျရင် တရုတ်မှာ ကိုးကန့်နဲ့ သွားဆွေးနွေးခဲ့တဲ့ ဗိုလ်ချုပ်ကိုကိုဦး ရောက်လာမယ်လို့ ပြောတယ်။ အစည်းအဝေးပြီးမှပဲ တိန့်ရှီကျွင်းက တရုတ်ပြည် ပြန်မယ့်သဘောရှိတယ်” ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။
တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွမ်းအနေဖြင့် စစ်ကောင်စီအရာရှိများနှင့်အတူ လားရှိုးမြို့ပေါ်သို့ မည်သည့်အချိန်ကတည်းက စတင်ရောက်ရှိနေသည်ကို မသိရဘဲ သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။
သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်ဖြစ်သည့် ဧပြီလ ၁၇ ရက်မှစတင်၍ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၂) ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကောင်စီတပ်မှ အရာရှိအချို့သည် တရုတ်အစိုးရကိုယ်စားလှယ်များ လိုက်ပါလျက် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့သော်လည်း သက်ဆိုင်ရာ ဘက်အသီးသီးမှ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
၎င်းနောက် ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် မိုင်းရယ်မြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို ကိုးကန့်တပ်ဖွဲ့က နမ့်ပေါင်မှတဆင့် သွားရောက်ကြိုဆိုခဲ့ပြီး လမ်းတလျှောက် လုံခြုံရေး ယူပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ လားရှိုးမြို့ပေါ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ဆက်လက်နေရာယူထားပြီး စစ်ကောင်စီဘက်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ လူဝင်မှုကြီးကြပ်ရေး လဝက၊ ဆေးရုံအုပ်နှင့် စစ်ဘက်ရေးရာ လုံခြုံရေး စရဖ တပ်ဖွဲ့ဝင်များ အားလုံးမှာ အရပ်ဝတ်ဖြင့် မြို့ထဲ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ယနေ့ ဧပြီလ (၂၁) ရက်တွင် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်အပ်နှံရန် စစ်ကောင်စီ၊ MNDAA နှင့် တရုတ်ကိုယ်စားလှယ်တို့ ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇန်နဝါရီလ (၂၀) ရက်တွင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် MNDAA နှင့် စစ်ကောင်စီအကြား ကူမင်းမြို့၌ (၇) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးနောက် တရားဝင် အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင်းက ထုတ်ဖော်ပြောကြားခဲ့သည်။







