နှစ်ဆန်းတစ်ရက်နေ့တွင် ကျုံဒိုးသရက်တောရွာကို စစ်ကောင်စီဗုံးကြဲ သုံးဘီးမောင်းသူတစ်ဦး သေဆုံး

နှစ်ဆန်းတစ်ရက်နေ့တွင် ကျုံဒိုးသရက်တောရွာကို စစ်ကောင်စီဗုံးကြဲ သုံးဘီးမောင်းသူတစ်ဦး သေဆုံး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ဂျိုင်းမြစ်တစ်ဘက်ကမ်း ကမ်းနီရွာနှင့် သရက်တောရွာသို့ ယမန်နေ့ နှစ်ဆန်း ၁ ရက်နေ့ (ဧပြီ ၁၇) နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သရက်တောရွာသား သုံးဘီးမောင်းသူတစ်ဦးနှင့် ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

ယခုလို ဗုံးကြဲခံရ၍ သေဆုံးသွားသူသည် အသက် ၅၀ နှစ်အရွယ် ဦးရှဲ ဆိုသူဖြစ်ပြီး သူသည် ရွာအတွင်း သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးဖြစ်ကြောင်း ကျန်ကလေးနှစ်ဦးမှာ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သရက်တောရွာသားတစ်ဦးက ယခုလိုပြောသည်။

“ရွာမှာ နှစ်ဆန်းတစ်ရက်ဆိုတော့ ဘုန်းကြီးကျောင်းသွားဖို့ လုပ်နေကြတာ။ အဲတာ ၈ နာရီလောက်မှာ အလုံးကြီး ၂ လုံးကျတာကြားတယ်။ သုံးဘီးဆရာ ဦးရှဲ ထိတယ် အသက် ၅၀ ကျာ်ပေါ့ ဆုံးသွားတယ်။ ခလေး ၂ ယောက်က အစတွေမှန်တယ်။ ကမ်းနီကို ထပ်ပြီးကြဲတယ်။ ထိခိုက်တာတွေရှိတယ်၊ ရွာထဲရော ရွာပြင်‌ရော ကျတယ်၊ ရွာသားတွေတော့ ဘုန်းကြီးကျောင်းအောက်၊ ဓမ္မာရုံအောက်တွေမှာ နေနေကြတယ်" ဟု ၎င်းက ပြောသည်။

ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်ထိ ကျုံဒိုးမြို့ ခမရ - ၅၄၆ တပ်ရင်းအနီး နောင်တမံကျေးရွာသို့ စစ်ကောင်စီက လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်နေသည်ဟု မြေပြင်ရှိ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် သင်္ကြန် အတက်နေ့ ဧပြီလ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ လေးတိုင်အောင်ချမ်းသာကျောင်း၊ အင်းကြီးရွာဘုန်းကြီးကျောင်း၊ သာယာကုန်းရွာရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး နေ့လည်ပိုင်းချိန် ကော့ဝါလဲ၊ သာယာကုန်းနှင့် မြောက်ကမ္မရိုက်ရွာသို့ ဗုံးထပ်ကြဲစဉ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဗုံးစထိမှန် သေဆုံးသွားခဲ့သည်။

ဧပြီလ ၁၆ ရက်နေ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြေပြင်ရှိ သတင်းရင်းမြစ်တစ်ဦးက “နေလည်ပိုင်းမှာ ကော့ဝါလဲ၊ သာယာကုန်ဘက်နဲ့ မြောက်ကမ္မရိုက်ရွာကို ထပ်ကြဲတာ၊ မြောက်ကမ္မရိုက်ရွာက အသက် ၃၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးတယ်။ နောက် ရွာသား ခလေးရော လူကြီးရော အမျိုးသမီးရော ၅ ယောက် အစမှန်ဒဏ်ရာရတယ်။ တခြားနေရာတွေမှာလည်း ထိခိုက်တာတွေရှိတယ်။ တိတိကျကျ မသိရသးဘူး” ဟု ပြောသည်။

လက်ရှိ ကျုံဒိုးမြို့ဘက်ခြမ်း၌ ဖားအံမှ စစ်ကူရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်ဖြင့် ဂျိုင်းမြစ်ကူးတံတားသစ်နေရာနှင့် ကျားကလေး၊ ဇာသပြင်လမ်းဆုံနေရာသို့ ရောက်ရှိနေသလို ဂျိုင်းမြစ်ဝတွင် စစ်ကောင်စီ စစ်သင်္ဘောများက ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်ရန် အသင့်အနေအထားဖြင့် ရောက်ရှိနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်မှ ယခု ၁၇ ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ကျုံဒိုး၊ ကိုးတိုင်၊ ရင်ကွဲတောင်လမ်းပိုင်းတစ်လျှောက် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

သို့သော် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဂျိုင်းမြစ်အနောက်ကမ်းကျေးရွာများကို စစ်ကောင်စီက Y12 ဗုံးကြဲလေယာဉ်ဖြင့် နေ့စဉ် ဗုံးကြဲနေသည်ဟု ဒေသခံများထံမှ သိရသည်။

June 8, 2026
ကော်သူးလေဒေသအတွင်း လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အွန်လိုင်းငွေလိမ်လည်မှုကိစ္စရပ်များနှင့်...
June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...