လားရှိုးမြို့ ပွဲအမျိုးမျိုးအကြောင်းပြ ၃ လနီးပါးကြာ လောင်းကစားဝိုင်းများ အကြီးအကျယ်လုပ်

လားရှိုးမြို့ ပွဲအမျိုးမျိုးအကြောင်းပြ ၃ လနီးပါးကြာ လောင်းကစားဝိုင်းများ အကြီးအကျယ်လုပ်
လားရှိုးမြို့တွင်း ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများ။
လားရှိုးမြို့တွင်း ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများ။

သျှမ်းပြည် လားရှိုးမြို့တွင် ပွဲအမျိုးမျိုး အကြောင်းပြပြီး ၃ လနီးပါး လောင်းကစားဝိုင်းများ အကြီးအကျယ် ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်၍ လက်ရှိ မတ်လအထိ ၃ လနီးပါး ပွဲအမျိုးမျိုး အကြောင်းပြကာ လောင်းကစားဝိုင်းများကို MNDAA ခွင့်ပြုချက်ဖြင့် အကြီးအကျယ် ဆက်တိုက်ဖွင့်လှစ်နေကြောင်း လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ဘုရားပွဲမှာ ၁၀ ရက်လောက်လုပ်တာ၊ အဲ့တာကို လောင်းကစားဝိုင်းတွေပါ လုပ်တယ်။ ၃ လလောက် လားရှိုးမှာက ပွဲတွေ ဆက်တိုက်လုပ်နေတာ။ တစ်နေရာပြီးတစ်နေရာ လုပ်နေတာ လုပ်တဲ့နေရာတိုင်းမှာလည်း လောင်းကစားဝိုင်းက ရှိတယ်။ ဇန်နဝါရီလကတည်းက စတာ ခုထိ” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသာတစ်ဦးက ပြောသည်။

ထိုသို့ လောင်းကစားဝိုင်းများ ပေါများလာခြင်းသည် တရုတ်နှစ်သစ်ကူးကာလမှစ၍ တပေါင်းပွဲအချိန်ထိ ပွဲအကြောင်းပြကာ လောင်းကစားဝိုင်းများကို အဆက်မပြတ် ဖွင့်လှစ်ခွင့်ပြုထားခြင်းကြောင့် ခိုးဆိုးလုနှိုက်နှင့် ဓားပြတိုက်မှု အန္တရာယ်အပြင် လုံခြုံရေး စိုးရိမ်ရကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုကတော့ သူခိုးတွေ ပေါလာတယ်။ နာရေးတောင် မကျန်ဘူး၊ ဂုံးဂင်းဝိုင်းတွေက ရှိတယ်။ ပြည်သူတချို့ အတွက်တော့ အခက်အခဲ ဖြစ်စေတယ်။ တချို့ကြတော့လည်း ရှာလို့ရသလောက်နဲ့ လာလောင်းပြီး သွားဆော့၊ ပြီးရင် အကုန်ရှုံး။ တချို့လည်း အိမ်မှာနေပြီး ခိုးတာတွေကို သတိထားနေရတာပေါ့။ သင်္ကြန်မှာ‌တောင် လောင်းကစားဝိုင်းတွေ ရှိမယ်လို့ ပြောသံကြားနေရတာ” ဟု လားရှိုးမြို့ဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

လားရှိုးမြို့တွင် ဂုံးဂင်းဝိုင်း၊ ရှမ်းကိုးမီး ဖဲဝိုင်း၊ ငါးပစ်ဝိုင်း စသည့် လောင်းကစားဝိုင်းအမျိုးမျိုး ဖွင့်လှစ်ထားပြီး၊ ထိုလောင်းကစားဖွင့်လှစ်ထားသော ဒိုင်များသည် ကိုးကန့်တပ်ဖွဲ့ MNDAA ထံ အခွန်ပေးဆောင်ကာ ခွင့်ပြုချက်ရယူပြီး ဖွင့်လှစ်ကြကြောင်း သိရသည်။

အဆိုပါ လောင်းကစားဝိုင်းများသည် MNDAA ထံ အခွန်ပေးဆောင်ကာ လားရှိုးမြို့၌ ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ထားပြီး၊ လက်ရှိ MNDAA ထိန်းချုပ်ထားသော ဒေသများတွင် လောင်းကစားဝိုင်းများအပြင် KTV၊ မာဆက်အနှိပ်ဆိုင်များနှင့် ပြည့်တန်ဆာလုပ်ငန်းများလည်း ပိုမိုပေါများလာကြောင်း ဒေသခံများက ပြောသည်။

လားရှိုးမြို့ပေါ်တွင် ပြည့်တန်ဆာလုပ်ငန်းအတွက် ပွင့်လင်းစွာ ပိုစတာများကပ်ပြီး ကြော်ငြာလာသည်အထိ ဈေးကွက်ရှာဖွေလာကြောင်း သိရသည်။

လားရှိုးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန်အတွက် MNDAA က အစည်းအဝေးခေါ်ယူပြီး ဧပြီလ ၁၃ ရက်မှ ၁၇ ရက်နေ့အတွင်း သင်္ကြန်အကြိုနေ့မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ၅ ရက်တိုင်တိုင် လားရှိုး မြို့တော်ခန်းမတွင် ဗဟိုမဏ္ဍပ်ထားရှိကာ ရပ်ကွက်အလိုက် ယိမ်းအကအဖွဲ့များနှင့် တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...
August 14, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်...
သိန္နီရှိ ရေအားလျှပ်စစ် စီမံကိန်းအား MNDAA တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်
August 13, 2026
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ...
ဓာတ်ပုံ - Crd
August 13, 2026
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတစ်လျှောက်ရှိ စစ်တပ် စစ်ဆေးရေး...