ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများကို အရှိန်မြှင့်ဖမ်းဆီးမှုများ လုပ်လာ

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများကို အရှိန်မြှင့်ဖမ်းဆီးမှုများ လုပ်လာ

၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ရနောင်းကနေ မြန်မာသို့ပို့ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - Bangkok Post။

လက်ရှိတွင် ထိုင်းအစိုးရသည် လုံခြုံရေးကို အကြောင်းပြပြီး လူဝင်မှုကြီးကြပ်ရေး တင်းကျပ်လာမှုကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာများမှာ နေထိုင်ရကျပ်တည်းလာကြောင်း ပြောဆိုကြသည်။

အထောက်အထားမဲ့ နေထိုင်ခွင့်များနှင့် အထောက်အထား သက်တမ်းကုန်နေသည့် မြန်မာများကို ထိုင်းရဲတပ်ဖွဲ့က ယခုလအတွင်း ဖမ်းဆီးမှုများ အရှိုန်မြှင့်လုပ်ပြီး စစ်ကောင်စီထံ လွှဲပြောင်းပေးနေ၍ အလုပ်သမားများက စိုးရိမ်နေကြသည်။

“ဒီရက်ပိုင်းက ထိုင်းမှာ တော်တော်လေး အခြေအနေ ဆိုးလာတယ်။ အရင်က တရားမဝင် အလုပ်သမား တွေကိုပဲ အဓိကထား စစ်ဆေးဖမ်းဆီးပေမယ့် အခု ချင်းမိုင်နဲ့ မဲဆောက်တွေမှာပါ မြန်မာလူငယ်တွေကို ပစ်မှတ်ထား စစ်ဆေးဖမ်းဆီးတာတွေ လုပ်လာတယ်။ အထောက်အထား မရှိရင်တော့ လုံးဝနေလို့ အဆင်မပြေတော့ဘူး” ဟု ချင်းမိုင်မြို့တွင်နေထိုင်သူ ကိုမင်းနိုင်စိုးက ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်က ထိုင်းနိုင်ငံ ရနောင်းအချုပ်ထောင်တွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၂၀၀ ကို စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများက ဖော်ပြသည်။

လွှဲပြောင်းခံရသူများထဲမှ အရွယ်ရှိပြီး ကျန်းမာသန်စွမ်းသူများကို စစ်ကောင်စီက စစ်မှုထမ်းအဖြစ် ခေါ်ဆောင်သွားကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၄ ရက်မှာပင် မဲဆောက်မြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသား ၅၆ ဦးကိုလည်း ထိုင်း ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မဲဆောက်မြို့သို့ တရားမဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁၆ ဦး ဖမ်းဆီးခံခဲ့ရသည်။

အလားတူ ဖေဖော်ဝါရီ ၁၄ ရက်တွင် ထိုင်းနယ်စပ်မှ တစ်ဆင့် မလေးရှားသွားမည့် မြန်မာနိုင်ငံသား ၁၀၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် Khaosod English သတင်းဌာနက ဖော်ပြသည်။

နိုင်ငံရေးအကျပ်အတည်းများကြောင့် ထိုင်းသို့ မြန်မာအများအပြား ဝင်ရောက်လာမှုကို ယနေ့အခါ ထိုင်းအာဏာပိုင်များသည် နိုင်ငံတော်လုံခြုံရေးအကြောင်းပြပြီး ဖမ်းဆီးခြင်း ပိုလုပ်လာနေသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက ပြောကြသည်။

ရခိုင်အလုပ်သမားများအဖွဲ့ ဥက္ကဌ ကိုနိုင်အောင်အောင်က “အဖမ်းခံရတဲ့သူတွေကို မြန်မာဖက်ခြမ်းပို့ပြီး စစ်ကောင်စီက စစ်မှုထမ်းခိုင်းတာတွေ ငွေကြေးတောင်းခံမှုတွေ လုပ်နေတာကို သိရက်နဲ့ ထိုင်းအစိုးရအနေနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး လွှဲပြောင်းပေးနေတာ တွေ့ရတယ်။ ဒါက ကြောက်စရာကောင်းတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်” ဟု သုံးသပ်သည်။

မြန်မာနိုင်ငံသားများအနေဖြင့် လက်ရှိကာလတွင် ထိုင်းနိုင်ငံအတွင်း အထောက်အထားမရှိဘဲ သွားလာခြင်းမလုပ်ရန်၊ ထိုင်းနိုင်ငံသားများနှင့် အဆင်ပြေပြေနေထိုင်ရန်၊ ပွဲလမ်းသဘင်များပြုလုပ်မည်ဆို လျင်လည်း ထိုင်းအာဏာပိုင်များကို အသိပေးရန် အလုပ်သမားအရေးလှုပ်ရှားသူများက တိုက်တွန်းထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ရန်လိုအပ်သည့် အထောက်အထား CI စာအုပ် လုပ်ပေးခြင်း ကာလမှာလည်း ကုန်ဆုံးသွားပြီဖြစ်၍ အထောက်အထားမဲ့ မြန်မာများမှာ ပိုမို အကျပ်အတည်းဖြစ်နေကြသည်။

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ပထမအပတ်က တရုတ်သမ္မတနှင့် တွေ့ဆုံပြီး နောက်ပိုင်း ထိုင်း - မြန်မာနယ်စပ်ရှိ ကျားဖြန့် ငွေလိမ်လုပ်ငန်းနှိမ်နှင်းရေးကိုမြှင့်တင် လုပ်ဆောင်လာခဲ့သည်။

ယင်းနောက် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေသည့် နိုင်ငံခြားသားများအား အကြောင်းပြကာ မြန်မာနိုင်ငံသားအများအပြားကို ဖမ်းဆီးလာခဲ့သည်။

စစ်ကောင်စီသည် ထိုင်းအစိုးရ၏ ကျားဖြန့်နှိမ်နှင်းရေးကို အခွင့်ကောင်းယူပြီး ထိုင်းတွင် ဖမ်းဆီးခံရပြီးနောက် ပြန်လည်ပို့ဆောင်ခံရသည့် မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းမှုများ ပြုလုပ်နေသည်။

“ထိုင်းမှာ အဖမ်းခံပြီး ထောင်ကျတယ်။ လွတ်ရက်စေ့တော့ ထိုင်းအာဏာပိုင်က ရနောင်းမြို့ကနေ ကော့သောင် ဘက်ကို ပို့လိုက်တယ်။ ဒီတော့ စစ်တပ်ကဖုန်းဆက်လာတယ် မင်းညီကို စစ်မှုထမ်း မပါစေချင်ရင် ပိုက်ဆံ သိန်း ၅၀ ပေးရမယ်ဆိုပြီးတော့ ပိုက်ဆံပို့ပေးလိုက်သေးတယ်။ ဒါပေမဲ့လည်း မလွတ်လာဘူး စစ်သင်တန်း ဆီပို့ခံလိုက် ရတယ်” ဟု စစ်မှုထမ်းပါသွားသူ ရခိုင်လူငယ်တစ်ဦး၏ မိသားစုတင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလမှစ၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ ရနောင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့သည့် မြန်မာနိုင်ငံသား ၂,၄၄၆ ဦးရှိကြောင်း ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံး၏ Facebook စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

မြန်မာတွင် စစ်မှုထမ်းနည်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း လူငယ်အများအပြား ထိုင်းနိုင်ငံသို့ တိမ်းရှောင်ကြပြီး အချို့မှာလည်း အလုပ်အကိုင် အခွင့်အလမ်းများကြောင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်မှုများ ပြားလာနေသည်။

အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက စစ်ကောင်စီထံသို့ လွှဲပြောင်းပေးစဉ် စစ်မှုထမ်း ခေါ်ခံရမှုနှင့်ပတ်သက်ပြီး အမျိုသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က မြန်မာ ပြည်သူများကိုစာနာရန် ထိုင်းအစိုးရကို ၂၀၂၄ စက်တင်ဘာတွင် တိုက်တွန်းခဲ့သည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုမှ ထွက်ပြေးလာသော မြန်မာလူငယ်များကို စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းခြင်းကြောင့် ထိုလူငယ်များကို ပြန်ပို့ခြင်းသည် သေဒဏ်ပေးခြင်းနှင့် တူသည်ဟုလည်း NUCC က ဖော်ပြသည်။

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...