ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရန် စစ်ကောင်စီ ပြင်ဆင်

ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရန် စစ်ကောင်စီ ပြင်ဆင်

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်မှုလုပ်ဆောင်ရန် စစ်ကောင်စီဘက်က ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့၏ သတင်းအရင်းအမြစ်များက ပြောသည်။

ကော့ကရိတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁၂၊ ကျုံဒိုး၊ နဘူးနှင့် ခြေလျင်တပ်ရင်းမှ - ခလရ ၉၇ တပ်အပါအဝင် အောင်ဇေယျ စစ်ဆင်ရေးရှေ့တန်းကွပ်ကဲရေးစခန်း ရွှေကြက်မင်း ဘုန်းကြီးကျောင်းစခန်းတို့တွင် တူရကီနိုင်ငံမှ ထုတ်လုပ်တင်သွင်းထားသည့် ဒရုန်းများအား ဖြန့်ဝေထားပြီး ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရန် လုပ်ဆောင်နေကြောင်း စစ်ရေးနယ်မြေသတင်း အရင်းအမြစ်များက ပြောသည်။

“ကော့ကရိတ် စစ်ကောင်စီနေရာတွေကို တူရကီဒရုန်း ၈၀၀ ကျော် ရောက်နေတယ် သတင်းရတယ်။ ကျုံဒိုး၊ နဘူး၊ စကခ ၁၂၊ ၉၇ တပ်၊ ရွှေကြက်မင်းကုန်းတွေကနေ ဒရုန်းတွေ နေ့ရောညရော တက်နေတယ်။ ကင်းထောက်နေတယ်။ ပြီးရင် ဒရုန်းနဲ့ ဗုံးသီးချတယ်၊ တတန်ကူး၊ ထန်းပင်ကုန်း၊ ရွှေကြက်မင်း နေရာတွေမှာ KNLA ‌မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ နေ့တိုင်းပစ်နေတယ်" ဟု ကော့ကရိတ်အခြေစိုက် တော်လှန်ရေး စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က စစ်ရေးအရှိန်မြင့် တိုက်ခိုက်နေသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းရက်များက အာရှလမ်းပိုင်းနှင့် ကော့ကရိတ်လမ်းပိုင်းတွင် တိုက်ခိုက်ခံရပြီး ပျက်စီးနေသည့် စစ်သုံးယာဉ် ၁၀ စီးကျော်အား ကျုံဒိုးအခြေစိုက် BGF တပ်ဖွဲ့အကူအညီဖြင့် ကျုံဒိုးမှတစ်ဆင့် ဖားအံမြို့ဘက်သို့ ပြန်လည်သယ်ယူပေးမှုရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ကျုံဒိုးဒေသခံက ပြောသည်။

၎င်းက "BGF မောင်ဝင်းအောင်အဖွဲ့တွေက ကော့ကရိတ်က စစ်ကားပျက်တွေ ဖားအံပို့တာကို လုံခြုံရေးလိုက်ရတာတွေ့တယ်။ စစ်ကားပျက်တွေ ပြန်ဆွဲသွားတယ်။ ဂျိုင်းတံတားဘက်ကနေ ဖားအံပို့တာပေါ့။ နောက်ပြီးကျုံဒိုး ၅၄၅၊ ၅၄၆တပ်က စစ်ကြောင်းထွက်တာ အင်းကြီးရွာဘက်ကနေ ကော့ကရိတ်ဘက်ကို သွားတာကို အဲ့ဒီမှာလည်း BGF ပါတယ်။ ဗီဂိုကားနဲ့ ရှေ့ပိတ်နောက်ပိတ်လိုက်တာတွေ့တယ်" ဟု ပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းအထိ ကော့ကရိတ်နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA မဟာမိတ်ပူးပေါင်းတပ်များ နှစ်ဖက် စစ်ရေးတင်းမာမှုများ ဆက်ရှိနေဆဲဖြစ်သည်။

စစ်ကောင်စီဒရုန်းများ ကင်းထောက်ပျံသန်းမှုအား KNLA မဟာမိတ်ပူးပေါင်းတပ်များက တန်ပြန်ဒရုန်းများဖြင့် တိုက်ခိုက်ရန် လုပ်ဆောင်နေသလို မြေပြင်စစ်ကြောင်းများဖြင့်လည်း ပိတ်ဆို့တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များထံမှ သိရသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...