ရခိုင်တွင် သွေးလိုအပ်ချက်ရှိသည့် လူနာများအတွက် စေတနာရှင်များက သွေးများလှူဒါန်းလိုသော်လည်း ခေတ်ကာလအနေအထားအရ မိသားစုစားဝတ်နေရေးကြောင့် သွေးများအား ရောင်းစားနေကြရသည်ဟု သိရသည်။
သွေးလိုအပ်သည့်လူနာများအတွက် A သွေးအမျိုးအစား သွေးတစ်လုံးလျှင် ကျပ်နှစ်သိန်း၊ AB သွေးတစ်လုံးလျှင် ကျပ်နှစ်သိန်းခွဲ၊ B သွေးနှင့် O သွေးအမျိုးအစားဆိုလျှင် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲအထိ ပေးကာ ဝယ်ယူနေရသည်ဟု ရခိုင်ရှိ ဇီဝိတ သွေးလှူရှင်များအသင်းမှ သွေးတာဝန်ခံ ကိုဖိုးတေက ပြောသည်။
"အရင်က သွေးလှူခဲ့တဲ့လူတွေက အခု ငွေနဲ့ရောင်းကြတယ်။ သွေးလှူပြီးတော့ သွေးပြန်ပြည့်ဖို့အတွက် အားရှိတာတွေစားရတယ်။ နားနားနေနေ နေရတော့ သူတို့အတွက်က တစ်ရက်လုပ်အားခ နစ်နာတယ်လေ။ ဒီတော့ သွေးလိုရင် ရောင်းလိုက်ကြတာရှိတယ်။ အခုက ခေတ်ပျက်နေတာ။ ဆင်းရဲပင်ပန်းတော့ လူတွေက နေ့တိုင်းလိုလိုအလုပ်နေကြရတာ။ သွေးလိုရင် လှူချင်ကြပေမဲ့ မိသားစု ဝမ်းရေးအတွက် တနေ့တာလုပ်အားခလည်း လိုသေးတော့ ရောင်းသူတွေရှိကြတယ်" ဟု ပြောသည်။
လက်ရှိရခိုင်တွင် သွေးလိုအပ်သည့်လူနာများအတွက် သွေးများကို ပိုက်ဆံပေးဝယ်ယူလိုသော်လည်း သွေးအလွယ်တကူရှာဖွေမရဘဲ အခက်အခဲများဖြင့် ကြုံလျက်ရှိသည်ဟု ဆိုသည်။
ရခိုင်တွင် ယခင်က သွေးလိုအပ်ချက်ရှိသည့် လူနာများအတွက် ဆေးရုံများနှင့် သွေးအလှူရှင်များအသင်း၏ သွေးလှူဘဏ်တို့တွင် တစ်လတစ်ကြိမ် ပုံမှန်လာရောက်သွေးလှူသူများရှိ၍ သွေးအလွယ်တကူရရှိနိုင်ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် မည်သည့်သွေးအမျိုးအစားမဆို ရှာဖွေရခက်ခဲနေပြီး အရေးပေါ်သွေးလိုအပ်ပါကလည်း မြို့ပေါ်နှင့် နယ်ပါမကျန် ခက်ခက်ခဲခဲဖြင့် လိုက်လံရှာဖွေနေရသည်ဟု သွေးအလှူရှင်အသင်းများထံမှ စုံစမ်းသိရသည်။
ရခိုင်ရှိ ဇီဝိတသွေးလှူရှင်များအသင်းမှ သွေးတာဝန်ခံ ကိုဖိုးတေက "သွေးက လွယ်လွယ်နဲ့ရှာလို့မရဘူး။ အကူညီတောင်းလာရင်တော့ မြို့ပေါ်ရပ်ကွက်တွေမကျန်၊ နယ်ဘက်ကရွာတွေအထိ တစ်ရွာဝင် တစ်ရွာထွက် ခက်ခက်ခဲခဲနဲ့ လိုက်ရှာရတယ်။ အခု အကူညီတောင်းလာသူတိုင်း အရေးပေါ်သွေးလိုအပ်တာတွေပဲ များတယ်။ သွေးရှာဖွေရခက်ခဲလာသလို သွေးအလှူရှင်တွေလည်း နည်းလာတယ်။ လူနာရှင်တွေကိုယ်တိုင်လည်း လိုက်ရှာရတာတွေရှိတယ်" ဟု ပြောသည်။
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများပြင်းထန်လာခြင်းနှင့်အတူ စစ်ကောင်စီတပ်က မြို့ပေါ်နှင့် နယ်ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် လူနာများ၊ စစ်ကောင်စီ၏ မိုင်းနှင့်အသက်အန္တရာယ်ထိခိုက်စေသော စစ်လက်ကျန်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော လူနာများနှင့် ကျန်းမာရေးမကောင်း၍ ဆေးကုသမှုခံယူနေရသော လူနာများအတွက် အရေးပေါ်သွေးလိုအပ်ပါက ချက်ချင်းရှာဖွေမရသည့် အခက်အခဲဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
ထိုသို့ သွေးရှာဖွေရခက်ခဲလာရသည်မှာ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများပြတ်တောက်နေသည့်အတွက် ပုံမှန်သွေးအလှူရှင်များနှင့် အဆက်အသွယ်မရခြင်း၊ တိုက်ပွဲကြောင့် စားဝတ်နေရေးကျပ်တည်း၍ ရုန်းကန်လုပ်ကိုင်နေနေရသူများပြားနေခြင်းနှင့် ပြည်ပထွက်ခွာသူများပြားသွားသည့်အတွက် ပုံမှန်သွေးလှူသူနည်းပါးလာခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း သွေးအလှူရှင်အသင်းအချို့က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရခိုင်လွတ်မြောက်နယ်မြေတစ်ခုမှ ကျန်းမာရေးမကောင်းသည့် လူနာတစ်ဦးသည် အရေးပေါ်ခွဲစိပ်မှုခံယူခဲ့ရပြီး အရေးပေါ်သွေးလိုအပ်ချိန်တွင် သွေးရှာဖွေမရသည့် အခက်အခဲဖြင့် ကြုံတွေ့ခဲ့ရသည်ဟု လူနာရှင်က နိရဉ္စရာကို ပြောသည်။
"လူနာတွေအတွက် သွေးရှာဖွေရတာ အရမ်းခက်ခဲနေပါတယ်။ သွေးလှူတဲ့အသင်းတွေကို ဆက်သွယ်ပေမဲ့ သွေးရှာမရလို့ အဆင်မပြေဘူး။ အရေးပေါ်သွေးလိုအပ်လို့ရှာတာ နေ့တဝက်ကျိုးသွားတယ်။ ရခိုင်မှာ သွေးလိုအပ်တဲ့ လူနာတွေအတွက် သွေးရှာမရလို့ မဖြည့်ဆည်းပေးနိုင်တာက အရမ်းစိုးရိမ်စရာကောင်းတယ်" ဟုပြောသည်။
ယင်းအပြင် သွေးလိုအပ်သည့်လူနာများအတွက် သွေးအလှူရှင်များကို တစ်နေကုန် မြို့ပတ်လိုက်ရှာသော်လည်း ရှာမရဘဲ ခရီးစရိတ်များသာ သိန်းနှင့်ချီ ကုန်ကျမှုများလည်းရှိနေကြောင်း သွေးအလှူရှင်အသင်းများထံမှ စုံစမ်းသိရသည်။
ထို့အတူ ရခိုင်ရှိ ဆေးရုံဆေးခန်းတို့တွင်လည်း အရေးပေါ်သွေးလိုအပ်ပါက သွေးအဆင်သင့်မရှိသည့် အခက်အခဲဖြင့် ရင်ဆိုင်နေရပြီး သွေးရရှိရန် နည်းလမ်းမျိုးစုံသုံးကာ ဆက်သွယ်ရှာဖွေနေရသည်ဟု ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်။







