ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ မွတ်ဆလင်အသိုင်းအဝိုင်းအား သူတို့နေထိုင်ရာ ရပ်ကွက်များနှင့် ကျေးရွာများတွင် မွတ်ဆလင်ဒေသခံများ၏ ဆန္ဒနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့များအား ရွေးချယ်တင်မြှောက်ကာ ဖွဲ့စည်းအုပ်ချုပ်ကြရန် အာရက္ခတပ်တော် (AA) မှ ညွှန်ကြားထားကြောင်း သိရသည်။
"မွတ်ဆလင်ကျေးရွာနဲ့ ရပ်ကွက်တွေကို မွတ်ဆလင်တွေ အုပ်ချုပ်ဖို့ AA က အစည်းအဝေးလုပ်ပြီး ညွှန်ကြားထားတယ်။ အုပ်ချုပ်ရေးအဖွဲ့ ရွေးချယ်ရာမှာလည်း ဒေသခံရပ်ကွက်နဲ့ ရွာသူ၊ ရွာသားတွေဆန္ဒအရ လူရွေးချယ်ကြဖို့ ပြောထားပါတယ်" ဟု ရွှေဇားကျေးရွာအုပ်စုမှ မွတ်ဆလင်လူကြီးတစ်ဦးက ပြောကြားသည်။
ပြီးသည့်ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစပြီး မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုရှိ စေတီပြင်ကျေးရွာ၌ အာရက္ခတပ်တော်မှ ဒေသခံ မွတ်ဆလင် ရပ်မိ/ရပ်ဖများအား ခေါ်ယူအစည်းအဝေးပြုလုပ်ကာ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အိမ်ထောင်စု ၁၀၀ အထက် ကျေးရွာများ၌ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် ၅ ဦး စုစုပေါင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ၈ ဦးနှင့် အိမ်ထောင်စု ၁၀၀ အောက်ဆိုလျှင် အုပ်ချုပ်ရေးအဖွဲ့အား ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် ၂ ဦး၊ စုစုပေါင်း ၅ ဦးဖြင့် ဖွဲ့စည်းရန် ညွှန်ကြားထားကြောင်း သိရသည်။
ထိုသို့ ဖွဲ့စည်းရာတွင်လည်း ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ဒေသခံ မွတ်ဆလင်ကျေးရွာသား အများစု၏ ဆန္ဒနှင့်အညီ ရွေးချယ်ပြီး ဖွဲ့စည်းရန် ညွှန်ကြားသည်ဟု သိရသည်။
"ကျွန်တော်တို့ကို အိမ်ထောင်စု ၁၀၀ အောက် ကျေးရွာတွေမှာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် ၂ ဦးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၅ ဦးနဲ့ ဖွဲစည်းရမယ်။ အိမ်ထောင်စု ၁၀၀ အထက်ဆိုရင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၈ ဦး အထိ ပါရမယ်လို့ ညွှန်ကြားထားတယ်" ဟု ရွှေဇားဒေသခံလူကြီးတစ်ဦးက ပြောဆိုသည်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် မောင်တောမြို့ တစ်ဖက်ကမ်းရှိ ရွှေဇားကျေးရွာအုပ်စုအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှစပြီး ဒေသခံမွတ်ဆလင်များအား ပြန်လည်ဝင်ရောက်နေထိုင်ခွင့် ပြုထားပြီးနောက်ပိုင်း မွတ်ဆလင်ကျေးရွာသားများကို သူတို့သဘောနှင့်သူတို့ အုပ်ချုပ်ရန် AA က စီစဉ်ပေးလာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါသည်။
ယခင် စစ်ကောင်စီအုပ်ချုပ်စဉ်က မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်များနှင့် စစ်တပ် အရာရှိကြီးများကို သိန်းထောင်နှင့်ချီပြီး လာဒ်ပေးရသည်ဟု ဒေသခံ မွတ်ဆလင်လူကြီးများက ပြောကြားသည်။
အာရက္ခတပ်တော်သိမ်းပိုက်ထားသည့် ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်များရှိ မွတ်ဆလင်ကျေးရွာများ၌ ကျေးရွာဒေသခံမွတ်ဆလင်များ၏ ဆန္ဒဖြင့် ရွေးချယ်တင်မြောက်ထားသည့် မွတ်ဆလင် အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းပြီး အုပ်ချုပ်နေကြပြီဖြစ်ကြောင်း သိရသည်။







