စစ်တွေတွင် ပွဲစားအချို့က စစ်ကောင်စီတပ်နှင့်ပေါင်းကာ စစ်ရှောင်လိုသူများထံမှ ငွေကြေးလိမ်လည်မှုများရှိနေ

စစ်တွေတွင် ပွဲစားအချို့က စစ်ကောင်စီတပ်နှင့်ပေါင်းကာ စစ်ရှောင်လိုသူများထံမှ ငွေကြေးလိမ်လည်မှုများရှိနေ

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ပွဲစားအချို့သည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ စစ်ရှောင်လိုသူများထံမှ ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေကြောင်း စစ်ကောင်စီထံ ဖမ်းဆီးခြင်းကိုခံခဲ့ရသူ စစ်တွေဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

စစ်တွေမြို့ထဲမှ လွတ်မြောက်နယ်မြေများသို့ စစ်ရှောင်လိုသူတစ်ဦးထံမှ ပွဲစားများက ငွေကျပ် ၁၂ သိန်းမှ ၁၅ သိန်းတောင်းခံပြီး စစ်သားများနှင့်ပေါင်းကာ လိမ်လည်မှုများရှိနေသည်ဟု ၎င်းက ပြောဆိုသည်။

"လက်နက်ကြီးသံတွေ၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားလာရတော့ မြို့တွင်းကဒေသခံတွေ မနေရဲတော့ဘူး။ ဒီကာလမှာ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်စားနေတဲ့ ပွဲစားတချို့က ဒေသခံတွေကို စည်းရုံးတယ်။ စစ်ရှောင်လို့ရတယ်။ ဘာမှမဖြစ်ဘူး။ ငါတို့ စစ်သားတွေနဲ့ ညှိထားပြီးသားဆိုပြီးပြောတယ်။ ဒီတော့ ဒေသခံတွေက ကြောက်လည်းကြောက်ဆိုတော့ နယ်ကိုစစ်ရှောင်ဖို့လုပ်ကြတာ။ စက်လှေထားတဲ့ ရေစပ်နားရောက်တာနဲ့ အဖမ်းခံရတာပဲ။ ပိုက်ဆံတွေဆုံးပြီပေါ့။ အဲ့ဒီလို လုပ်စားနေကြတာ" ဟု ပြောသည်။

စစ်သားများနှင့် ညှိနိုင်းထားပြီးပြီဟု ပြောဆိုသော်လည်း စစ်တွေမြို့ပြင်တွင် လုံခြုံရေးယူထားသည့် စစ်သားများနှင့်တွေ့ပါက ထွက်ခွင့်မပေးသည့်အပြင် ဖမ်းဆီးခြင်းကိုခံရပြီး ပွဲစားများသို့ ပေးလိုက်ရသည့်ငွေများမှာလည်း ပြန်ရတော့ဘဲ ဆုံးရှုံးသွားခဲ့ရသည်ဟု ၎င်းက ပြောဆိုသည်။

“စစ်သားတွေက ကင်းပုန်းဝပ်နေတာတွေလည်း တွေ့ခဲ့တယ်။ စစ်တွေမြို့ပြင်အထွက် ကမ်းစပ်နေရာတွေမှာလည်း စစ်သားနဲ့ရဲတွေရှိတယ်။ သူတို့နဲ့ ညှိနိုင်းထားတယ်ဆိုပေမယ့် တွေ့ရင် ဖမ်းဆီးတယ်” ၎င်းက နိရဉ္စရာကို ဆက်လက်ပြောသည်။

နယ်ဖက်သို့ စစ်ဘေးရှောက်ထွက်သူများ ဖမ်းဆီးခံရချိန်တွင် အမှတ် (၁) ရဲစခန်းသို့ မပို့ဆောင်ဘဲ နီးစပ်ရာ စစ်ကောင်စီဂိတ်စခန်းတွင် ထားရှိကာ ဒဏ်ရိုက်၍  မြို့တွင်းသို့ ပြန်လွတ်ပေးခံခဲ့သည်ဟု စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ညဖက်ထွက်ကြလို့ ညဖက်မှာဖမ်းတယ်။ မနက်ရောက်ရင် အဲဒီဂိတ်စခန်းတွေကနေ လူတစ်‌ယောက်ကို ငွေ ၁ သိန်းဆို၊ ၁ သိန်းထပ်တောင်းတယ်။ ဒဏ်ရိုက်တယ်ဆိုပြီး တောင်းယူတာ။ ပြီးရင် မြို့ထဲကိုပြန်ပို့တယ်" ဟု ပြောသည်။

ယင်းအပြင်  ပွဲစားများအနေဖြင့်လည်း စစ်ကောင်စီမှ ဖမ်းဆီးထားချင်ယောင် အယောင်ဆောင်ပြပြီး စစ်ရှောင်များထံကပေးထားသည့်  ငွေကြေးများကို စစ်တပ်က သိမ်းယူသွားသည့်ပုံစံဖြင့် ဒေသခံများထံမှ ယူထားသောငွေများကို ပြန်မပေးတော့ဘဲလုပ်စားနေကြသည်ဟု ၎င်းကပြောသည်။

"ပွဲစားတွေကို စစ်တပ်က ဖမ်းချင်ယောင်ဆောင်တယ်။ ဒေသခံတွေကို ပြန်လွတ်တယ်။ ငွေတွေပြန်တောင်းတော့ စစ်ကောင်စီက ငွေတွေကိုသိမ်းသွားလို့ ပြန်မရတော့ဘူးပေါ့။ အဲ့သလိုမျိုး ပေါင်းပြီးလုပ်စားတာ ရင်နာဖို့ကောင်းတယ်" ဟု ပြောသည်။

စစ်ကောင်စီသည် စစ်တွေဒေသခံများကို မြို့တွင်းမှ မြို့ပြင်သို့ ထွက်ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး တိုက်ပွဲများဖြစ်ပွားလာပါ စစ်တွေဒေသခံများကို လူသားဒိုင်းကာအဖြစ် အသုံးချရန် ထိန်းချုပ်ထားကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေဒေသခံများမှာ  တိုက်ပွဲများကြားမှာ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်၍  နယ်ဖက်သို့ ထွက်ပြေးတိမ်းရှောင်လိုသော်လည်း ပြေးစရာ ထွက်ပေါက်မရှိဖြစ်နေသကဲ့သို့ မြို့ထဲတွင် သွားလာနေထိုင်မှုကို နည်းမျိုးစုံဖြင့် ကန့်သတ်ပိတ်ပင်ခံနေရသည်ဟု သိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...