ဒီးမော့ဆို၊ ကျွန်းပင်ကုန်း (၂) စစ်ဘေးရှောင်မှာ ကလေး/လူကြီး အပါအဝင် အရေပြားရောဂါ အဖြစ်များပြီး ဆေးဝါး‌ကူညီ လိုအပ်နေ

ဒီးမော့ဆို၊ ကျွန်းပင်ကုန်း (၂) စစ်ဘေးရှောင်မှာ ကလေး/လူကြီး အပါအဝင် အရေပြားရောဂါ အဖြစ်များပြီး ဆေးဝါး‌ကူညီ လိုအပ်နေ

ကရင်နီပြည်၊ ဒီးမော့ဆို (နောက်) မြို့နယ် ဒေါတငူးကျေးရွာအုပ်စု ကျွန်းပင်ကုန်း (၂) စစ်ရှောင်စခန်းနေ လူထုတွေဟာ ရေဘေးနဲ့ စစ်ဘေးဒဏ် ခံစားနေခဲ့ရပြီး ၃ လကြာအထိ ကလေး/လူကြီး အပါအဝင် အရေပြားရောဂါ အဖြစ်များနေပြီး ဆေးဝါးလုံလောက်မှု မရှိတဲ့အတွက် အကူအညီလိုအပ်တယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

“အယားနဲ့ပတ်သက်တာ ညအိပ်လို့တောင်မရဘူး၊ တူမလေးတစ်ယောက်ဆို သေတော့မယ်လို့ပဲ တွေးတော့တယ်၊ အဲ့လောက်ထိဆိုးတာ ခေါင်းမာ၊ ခြေထောက်မှာဆို နည်းတာမဟုတ်ဘူး” ဟု ကလေးမိခင်တစ်ဦးက ပြောပါတယ်။

၃ လကြာအထိ အရေပြားရောဂါ ခံစားနေရတာကို စစ်ရှောင်စခန်းနဲ့ အနီးဆုံးဖြစ်တဲ့ KNA ဆေးပေးခန်းမှာ အခမဲ့ပြသပြီး အကူအညီရရှိနေပေမယ့် လုံလောက်တဲ့ ဆေးဝါးမရှိတဲ့အတွက် အရေပြားရောဂါ ခံစားနေရတဲ့ ကလေးငယ်တွေဟာ ပျောက်ကင်းတာ မရှိသေးဘူးလို့ ဆိုပါတယ်။

“မပျောက်ဘူးလေ၊ မပျောက်ဘူးဆိုတာက တချို့ကတော့ ဆေးနဲ့တည့်လို့လားမသိဘူး၊ ပျောက်တယ်၊ ဒီအရေပြားက သွေးနဲ့ပဲ ဆိုင်တယ်ထင်တယ်၊ တအိမ်ထဲနေလည်း မကူးတဲ့သူလည်း ရှိနေတယ်” လို့ ကူညီပေးနေတဲ့ ဆေးဆရာမတစ်ဦးက ပြောပါတယ်။

အရေပြားဖြစ်ပွားသူတွေဟာ ၈ နှစ်အောက်အရွယ်နဲ့ အသက် ၄၀ ကျော်လည်းပါဝင်နေပြီး ဆေးဝယ်ယူနေရသူတွေကလည်း အခက်အခဲရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ရှိပြီးသားလူတွေက သိပ်မဖြစ်ဘူး၊ နောက်မှ လွိုင်ကော် အရှေ့ဘက်ခြမ်းက ပြောင်းလာတဲ့သူတွေက ပိုဖြစ်များတယ်၊ လက်တွေမှာဆို မြင်လို့တောင်မကောင်းဘူး၊ အချို့ဆို ဆေးရုံထိ ပို့ရတာရှိတယ်လို့” ကူညီပေးနေတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

ကျွန်းပင်ကုန်း (၂) စစ်ဘေးရှောင်များဟာ ၂၀၂၄ ခုနှစ် နိုင်ဝင်ဘာလက စတင်ပြောင်းရွေ့လာတဲ့ လွိုင်ကော်အရှေ့ဘက်ခြမ်း လူထုအပါအဝင် ဆော်ခီးဒေါ၊ ထေးငှားလျားနဲ့ ဒီးမော့ဆိုဒေသခံတွေလည်း ပါဝင်ပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၄၀ ရှိပြီး လူဦးရေ ၁၀၀ ကျော် နေထိုင်ပါတယ်။

June 27, 2026
လက်ရှိ မြန်မာနိုင်ငံအတွင်းက နေရာဒေသအများစုမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
June 26, 2026
ဒေသခံတွေ စိုက်ပျိုးရေးပြုလုပ်နေကြတဲ့ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို...
June 25, 2026
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်က ကရင်နီစစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြတဲ့...
ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတနေရာက အမျိုးသမီးတဦးကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း(မ်) )
June 24, 2026
ပဋိပက္ခအကျိုးဆက်ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီး (၄၂) ရာခိုင်နှုန်းမှာ ဝင်ငွေ လုံးဝမရှိကြဘဲ၊...