၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံးပြီး ၃ ပုံ ၁ ပုံမှာ ကလေးသူငယ်များဖြစ်

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံးပြီး ၃ ပုံ ၁ ပုံမှာ ကလေးသူငယ်များဖြစ်

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ကရင်နီမှာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀၆ ဦး သေဆုံးပြီး ၅၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူတွေထဲက ၃ ပုံ ၁ ပုံ ဟာ ကလေးသူငယ်တွေ ဖြစ်ပြီး အာဟာရချို့တဲ့မှုတွေ၊ ဖျားနာမှုတွေကြောင့် သေဆုံးတာမဟုတ်ဘဲ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အများဆုံး သေဆုံးရတာဖြစ်တယ်လို့ IEC ရဲ့ အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။

“ဒီ ၂၀၂၄ ရဲ့ လူဦးရေ သေဆုံးမှုစာရင်းက ၁၀၅ ဦးဝန်းကျင်ပေါ့နော်။ ဒါကတော့ ကျနော်တို့ လက်လှမ်းမှီသ‌လောက်ပေါ့နော်။ အဲ့လောက်ရှိတယ်။ ကျနော်တို့ လက်လှမ်းမှီသလောက် ကောက်တဲ့စာရင်းထဲမှာ ကလေးပေါင်း ၃၆ ဦးပေါ့နော်။ တော်တော်များတယ်ပေါ့နော်။ ၃ ပုံ ၁ ပုံရှိတယ်ပေါ့နော်။ အဲဒီဟာက ကောင်းသောလက္ခဏာမဟုတ်ဘူး။ ကလေးသူငယ်တွေ သေဆုံးမှုမြင့်ရင် နိုင်ငံအတွက် စိန်ခေါ်မှုအကြီးတွေရှိတယ်။ သေဆုံးတဲ့ပုံစံကိုကြည့်တော့ တစ်ဦးနှစ်ဦးကသာလျှင် ဒီ ကျနော်တို့ခေါ်တဲ့ အာဟာရချို့တဲ့မှုကြောင့် သေဆုံးတာပေါ့။ တချို့က ဆေးရုံတက်ရင်း သေဆုံးတာရှိပါတယ်။ အဓိက ကျန်တဲ့ ၃၄ ဦးနီးပါးက ဒီတိုက်ပွဲတွေကြားမှာ ဒီစစ် ပဋိပက္ခတွေကြားမှာ သေဆုံးရတာပေါ့။ အဓိက လေယာဉ်ဗုံးကြဲမှုတွေကြောင့် အများဆုံး သေဆုံးခဲ့ရတဲ့သူတွေဖြစ်တယ်” လို့ ဦးဗညားက ပြောပါတယ်။

IEC ရဲ့ စာရင်းအရ သေဆုံးသူ (၁၀၆) ဦးရှိတဲ့အနက် ကလေးသူငယ် (၃၆) ဦး၊ လူကြီး (၆၇) ဦးနဲ့ အမည်မသိ ၃ ဦးဖြစ်ပါတယ်။

ဒါ့အပြင် တစ်နှစ်အတွင်း ကရင်နီပြည်တစ်ဝှမ်းမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် အနည်းဆုံး (၁၀၈) ဦးရှိတယ်လို့ ဆိုထားပါတယ်။

အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ ဦးဗညားက အခုလို ဆက်ပြောပါတယ်။

“ဒီလိုမျိုး အကြောင်းမဲ့ ပြည်သူလူထုတွေကို ဒီရဲ့နေရပ်တွေ၊ ဒေသတွေကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အများဆုံး ရတဲ့အတွက်ကြောင့်မလို့ ဒီဟာက အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်စာချုပ်ကိုလည်း မြန်မာနိုင်ငံက ရေးထိုးထားတယ်ပေါ့နော်။ အဲတော့ မည်သည့် အစုအဖွဲ့မဆို ဒီစာချုပ်ပါ အချက်အလက်တိုင်းပေါ့နော့်။ ကလေးသူငယ်တွေကို ကာကွယ်ရမယ့် တာဝန်ရှိပါတယ်။ အဲဒီအပေါ်မှာ စစ်ကောင်စီက အခုလိုမျိုး ကျောင်းတွေ ဆေးရုံဆေးခန်းတွေ နောက်ပြီးတော့ စခန်းတွေကို ဗုံးကြဲခြင်းဟာ သေချာတာတစ်ခုက ကလေးတွေ အများဆုံးရှိတဲ့အရပ်ကို ဗုံးကြဲခြင်း ဖြစ်သွားတယ်။ အဲဒီအတွက်ကြောင့်မလို့ ကလေးတွေကို ပိုသေစေလိုတဲ့ စိတ်ဆန္ဒ၊ ရည်ရွယ်ချက်ရှိတယ်ဆိုတာ ပြသခြင်းဖြစ်တယ်။ အရမ်းကို ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှု ကလေးအခွင့်အရေး ချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုကော လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်ဆိုတာကို ကျနော်တို့ပြောလို့ရတယ်” လို့ ဦးဗညားက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှု လုပ်ရပ်တွေကို တားမြစ်နိုင်ဖို့ ကရင်နီပြည်အတွင်းရှိ အင်အားစုအသီးသီးနဲ့ ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပေမယ့် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ကျူးလွန်မှုများအလုံးစုံကို ရပ်တန့်နိုင်ဖို့ နိုင်ငံတကာအင်အားစုများဆီသို့ တောင်းဆိုချက်နဲ့အကြုံပြုချက် (၇) ကို IEC က တိုက်တွန်းနိုးဆော်ထား‌ပါတယ်။

February 13, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ပြန်လည်ရရှိနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် က အပြင်းအထန်...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
February 12, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာရဲ့ ရေတွင်းပျက်ထဲမှာ ရှိနေတဲ့...
February 11, 2026
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတစ်နေရာမှာ...
February 10, 2026
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ...