AA ဝင်တိုက်မည်စိုး၍ ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်ခွဲ တောင်မော်ကြီးရေတပ်စခန်းအနီး တောင်တန်းတစ်လျှောက်နှင့် ကားလမ်းအနီး စစ်ကောင်စီ မြေမြှုပ်မိုင်းများ ထပ်ထောင်နေ

AA ဝင်တိုက်မည်စိုး၍ ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်ခွဲ တောင်မော်ကြီးရေတပ်စခန်းအနီး တောင်တန်းတစ်လျှောက်နှင့် ကားလမ်းအနီး စစ်ကောင်စီ မြေမြှုပ်မိုင်းများ ထပ်ထောင်နေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်ဌာနချုပ်ခွဲ တောင်မော်ကြီးရေတပ်စခန်းကို အာရက္ခတပ်တော် (AA) ဝင်တိုက်မည်စိုး၍ စခန်းအနီးရှိ တောင်တန်းတစ်လျှောက်နှင့် ကားလမ်းအနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီက မြေမြှုပ်မိုင်းများ ထပ်ထောင်နေကြောင်း သတင်းရရှိသည်။

တောင်မော်ကြီးရေတပ်စခန်း၏ ကုလားပုန်းတောင်တန်းတစ်လျှောက်နှင့် ကျောက်ဖြူ-ရန်ကုန်၊ ရန်ကုန်-ရမ်းဗြဲ ကားလမ်းအနီးတစ်လျှောက်တွင် ဇန်နဝါရီ ၂၃ ရက်မှစ၍ စစ်ကောင်စီက မြေမြှုပ်မိုင်းများ ထောင်နေကြခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ကုလားပုန်းတောင် တန်းတစ်လျှောက်ထောင်နေတယ်။ တောင်မော်ကြီးရေတပ်စခန်းက ကုလားပုန်းတောင်ကို အကာကွယ်ယူပြီး တောင်အောက်မှာ အခိုင်အမာ တည်ဆောက်ထားတာ။ AA ဝင်တိုက်ရင် မိုင်းတွေနင်းမိအောင် အဲ့ဒီ ကုလားပုန်းတောင်တန်းရယ်၊ အဲ့ဒီ အနီးနားဝန်းကျင် ကားလမ်းဘေးတွေမှာ မိုင်းတွေအများကြီး ထောင်နေတယ်" ဟု ပြောသည်။

တောင်မော်ကြီးရေတပ်စခန်းတွင် စစ်သင်တန်းဆင်းမွတ်ဆလင်၊ ရန်ကုန်ဖက် တပ်မ (၈၈)၊ (၉၉) မှ ပြည်သူ့စစ်သင်တန်းဆင်းများဖြင့် အင်အားများထပ်မံဖြည့်ထားကြောင်း ဒေသအတွင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီဖက်မှ ကုလားပုန်းတောင်ကို နေရာယူထားပြီး တောင်ပေါ်တွင် လက်နက်ကြီးအထိုင်စခန်းများ တည်ဆောက်လျက်ရှိကာ ကျောက်ဖြူမြို့နယ်သို့ AA ထိုးစစ်ရောက်လာပါက ပြန်လည်ခုခံရန် စစ်ရေးအရ အခိုင်အမာ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် တောင်မော်ကြီးရေတပ်စခန်းနှင့် မြစ်တွင်ရပ်နားထားသည့်တိုက်ခိုက်ရေးယာဉ်ပေါ်မှ ရမ်းဗြဲ၊ ဝန်ဖိုက်ဒီရေတော ပတ်ဝန်းကျင်ကို လက်နက်ကြီးကျည်များ ပစ်ခတ်ခဲ့ပြီး ဝန်ဖိုက်တောအထဲတွင်ရှိသည့် လိုင်ခေါင်ကျေးရွာအနီးအနားသို့ လက်နက်ကျည်စများ၊ ဒရုန်းဗုံးများ ကျရောက်မှုရှိခဲ့သည်ဟု ဝန်ဖိုက်တောအနီးအနားကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ကျောက်ဖြူမှာ ရေတပ်ရေလမ်းကြောင်းနဲ့ အင်အားတွေရှိတယ်။ နေဗီတွေ တိုက်ခိုက်ရေးယာဉ်တွေ အများကြီး လုံခြုံရေးယူထားတာရှိတယ်။ အဲ့ဒီ နေဗီတွေ ရေယာဉ်တွေက လက်နက်ကျည်တွေပစ်တာ ဝန်ဖိုက်တောဖက်ကရွာတွေကို ကျတာတွေရှိနေတယ်" ဟု ပြောသည်။

လက်ရှိတွင် AA ဝင်တိုက်မည်ကို ကြောက်လန့်နေသည့် ကျောက်ဖြူမြို့ အခြေစိုက် စစ်ကောင်စီရေတပ်စစ်ရေယာဉ်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်များကို ရမ်းသန်း ပစ်ခတ်နေသည့်အတွက် ရွာပေါင်း ၁၀ ရွာထက်မနည်းမှ ဒေသခံများ ထွက်ပြေးနေရသည်ဟု သိရသည်။

ဓာတ်ပုံ - ပုံဟောင်း
March 21, 2026
နှင်းနွယ်နီ - ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသော်လည်း စစ်ကော်မရှင်က...
March 20, 2026
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိခဲ့ရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အာရက္ခတပ်တော်(AA)...
March 19, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း(၁၇) နှစ်မြောက်၊ တပ်တော်‌...
March 18, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်သူကိုဖမ်းမိပြီး...