နယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆိုင်းငံ့၊ လူနာများကို ဆေးရုံးဆင်းခိုင်း

နယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆိုင်းငံ့၊ လူနာများကို ဆေးရုံးဆင်းခိုင်း

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆိုင်းငံ့ထားလိုက်ရသည်ဟု ဒုက္ခသည်စခန်းရှိ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။

အမေရိကန်၏ ဒုက္ခသည်များ ကျန်းမာ‌ရေးကူညီ‌ပေး‌ရေးအဖွဲ့ (IRC - International Rescue Committee) ကို ပေးသည့် အထောက်အပံ့များ ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားလိုက်သည့်အတွက် အဆိုပါ IRC လက်အောက်ရှိ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများလည်း ယာယီဆိုင်းငံ့ထားလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုလို ဝန်ဆောင်မှုဆိုင်းငံ့ထားသည့်အတွက် ဒုက္ခသည်စခန်းအတွင်း ဆေးရုံတက်နေရသည့် အရေးပေါ် လူနာမှလွဲ၍ ကျန်သည့်လူနာများကို ယနေ့နံနက်ပိုင်းမှစ၍ ဆေးရုံဆင်းခွင့်ပေးလိုက်ရကာ ပြင်ပလူနာများလည်း လက်မခံတော့ကြောင်း ကျမ်းမာရေးဝန်ဆောင်မှုပေးနေသူ တာဝန်ရှိသူများထံမှ သိရသည်။

“အတိအကျတော့မသိသေးဘူး။ အထက်ကပြောလာလို့ အခုဆေးရုံမှာ တက်တဲ့လူနာတွေ အကုန်ဆင်းသွားပြီ။ ဒီမနက် ဆေးရုံလာတက်တော့ ဘာမှမသိရဘူး။ IRC လက်အောက်က ဌာနတွေ အကုန်ဘဲ အလုပ်ရပ်ပြီလို့ ပြောတယ်။ အချိန်ဘယ်လောက် ရပ်လိုက်မလဲ မသိဘူး။ ထူးလာရင်တော့ ပြန်ဆက်သွယ်မယ်လို့ ပြောတယ်။ ဒီလ လစာလဲမရတော့ဘူး။ ဘယ်တော့ပြန်ပေးမလဲမသိဘူး” ဟု နို့ဖိုး ဒုက္ခသည်စခန်းမှ ကျမ်းမာ‌ရေးဝန်ထမ်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယနေ့ မနက်မှစ၍ နို့ဖိုး ဒုက္ခသည်စခန်းအပါအဝင် အုန်းဖြန် ဒုက္ခသည်စခန်းနှင့် မယ်လ ဒုက္ခသည်စခန်းတွင်လည်း အလားတူ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ စတင်ဆိုင်းငံထားကာ ဒုက္ခသည်စခန်းရှိ လူနာများအတွက် ဆေးရုံကားမောင်းသည့် ထိုင်းနိုင်ငံသား IRC ဝန်ထမ်းများကိုလည်း အလုပ်ရပ်နားထားခြင်းရှိသည်ဟု ကေအိုင်စီ သတင်းရင်းမြစ်များက ပြောသည်။

ထို့ကြောင့် ဆေးရုံကားမထွက်တော့သည့်အတွက် အုန်းဖန်ဆေးရုံသို့ ရက်ချိန်းသွားရမည့် လူနာအများအပြားလည်း ဆေးသွားရောက်ကုသခွင့် မရတော့ကြောင်း သိရသည်။

မယ်လ ဒုက္ခသည်စခန်းရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “အခု သက်ဆိုင်ရာတာဝန်ရှိသူတွေ ကျန်းမာရေး တာဝန်ရှိသူတွေ အစည်းအဝေး လုပ်နေတုန်းဘဲ။ ပြီးတော့ လူနာဘယ်နှစ်ဦးရှိလဲ စာရင်းကောက်ခိုင်းတယ်။ အခု အကုန် ဆင်းခိုင်းလိုက်တယ်။ ပြီးတော့ ဆေးပစ္စည်းကရိယာတွေ အကုန်သိမ်းခိုင်းနေတယ်” ဟု ယနေ့ မွန်းလွဲပိုင်းတွင် ဆေးကုသမှု ရပ်ဆိုင်းသွားသည့် အခြေအနေကို ကေအိုင်စီသို့ ပြောသည်။

နောက်ဆုံးရရှိထားသည့် သတင်းများအရ ကျမ်းမာရေးဝန်ဆောင်မှု လုပ်ငန်းများအပြင်၊ ကျမ်းမာရေးဌာန လက်အောက်ရှိ အမှိုက်သိမ်းစနစ်လုပ်ငန်းများကိုပါ ဆိုင်းငံ့ထားလိုက်ပြီဖြစ်သည်ဟု ကရင်ဒုက္ခသည်များကော်မတီ - KRC က အတည်ပြုပြောသည်။

“IRC က ထောက်ပံ့မှုမရှိတော့လို့ သူတို့လုပ်ငန်း ရပ်လိုက်တယ်လို့ ပြောတယ်။ ဒုက္ခသည်စခန်းမှာ ဆေးရုံမရှိရင်တော့ မလွယ်ဘူး။ ရက်ပေါင်း ဘယ်လောက် ပိတ်မလဲတော့ မသိရသေးဘူး။ ဘယ်လိုဆက်လုပ်ရမလဲ ကျနော်တို့လည်း အစည်းအဝေး ပြန်ထိုင်ရအုံးမယ်” ဟု ကရင်ဒုက္ခသည်များကော်မတီ KRC အတွင်းရေးမှူး စောပွယ်စေးက ကေအိုင်စီသို့ ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

IRC သည် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပြင် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်ရေး၊ သောက်သုံးရေရရှိရေးနှင့် စခန်းသန့်ရှင်းရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတသက်တမ်း စတင် တာဝန်ထမ်းဆောင်သည့်  ရက်ပိုင်းအတွင်း နိုင်ငံတကာအကူအညီများ ရပ်ဆိုင်းရန်  လက်မှတ်ထိုးအမိန့်ထုတ်လိုက်ပြီးနောက် လက်ရှိအချိန်တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ USAID လက်အောက် လူသားချင်းစာနာထောက်ထားမှုအကူအညီ လုပ်ငန်းအချို့ စတင်ရပ်နားထားလိုက်ခြင်းရှိကြောင်း သိရသည်။

Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...
Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...