စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခံရ၍ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ စပါးထားရွာတွင် ကျရောက်ပေါက်ကွဲ၍နေအိမ် (၉) လုံးမီးလောင်

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခံရ၍ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ စပါးထားရွာတွင် ကျရောက်ပေါက်ကွဲ၍နေအိမ် (၉) လုံးမီးလောင်

ပုံစာ - ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်။

စစ်တွေအခြေစိုက် စစ်ကောင်စီအမှတ် (၁၂) ရဲတပ်ရင်းနှင့် ရေတပ်နေဗီများက လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်တွေမြို့နယ်နှင့် နီးကပ်စွာတည်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ စပါးထားကျေးရွာတွင် ကျရောက်ပေါက်ကွဲကာ နေအိမ် (၉) လုံး မီးလောင်သွားကြောင်း သတင်းရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့နယ် ဝါဘိုကျေးရွာအပါအဝင်၊ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ် ဆက်စပ်ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် စပါးထားကျေးရွာတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။

“တစ်မနက်လုံး ပစ်တယ်။ နေ့လယ် ၁၂ နာရီလောက်အထိ ပစ်တယ်ထင်တယ်။ ဝါဘို၊ ကျွဲထိုး၊ အောင်ဇေယျ၊ စပါးထားတို့မှာကျတယ်။ စပါးထားမှာတော့အိမ် ၉ ဆောင်တောင် မီးလောင်သွားတယ်”

 စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကို AA က သိမ်းပိုက်လိုက်သည်ဟု သတင်းများကြောင့် ဇန်နဝါရီလ ၁၆ ရက် နံနက် အာရုဏ်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဝါဘိုကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးပစ်ခတ်မှုများကိုလည်း ပြုလုပ်ခဲ့သည်ဟု ၎င်းကပြောသည်။

ယင်းအပြင် ကုလားတန်မြစ်အတွင်း ရပ်နားထားသည့် နေဗီက လက်နက်ကြီးပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံးမှာ စစ်တွေမြို့ စျေးကြီးအနီး မြစ်အတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့သည်ဟု စစ်တွေဒေသခံများက ပြောသည်။

“ပုဏ္ဏားကျွန်းဖက်ကို လှမ်းပစ်တာ။ ပစ်မှတ်မရောက်ဘဲ လမ်းတစ်ဝက်မှာ မြစ်ထဲကျတာထင်တယ်။ ကံကောင်းလို့ အရင်တခါလို စျေးထဲသာကျရင် ကျမလည်းသေမှာ” ဟု စစ်တွေဒေသခံ စျေးရောင်းနေသူ ကမန်အမျိုးသမီးတစ်ဦးက ပြောသည်။

ဒီဇင်ဘာလကတည်းက စစ်တွေမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတချို့ရှိခဲ့ပြီး စစ်ရေးတင်းမာမှုရှိလာ၍ စစ်တွေမြို့အတွင်း ပိတ်မိနေသည့် ဒေသခံများ စိုးရိမ်မှုရှိနေသည်။

“အခုက နှစ်ဖက်တပ်တွေ ပစ်တာမဟုတ်ဘူး။ မြို့ထဲကနေ စစ်တပ်က ပစ်နေတာ။ ဒေသခံတွေလည်း ဘယ်အချိန်ဘာဖြစ်မလဲ စိုးရိမ်နေကြတယ်။ ဒီနေ့ဆို လက်နက်ကြီးပစ်သံတွေရော၊ ဗုံးကြဲသံတွေရော ကြားရတယ်။ ညဘက် ဘာဖြစ်လာမလဲတောင် စိတ်ပူနေရတယ်” ဟု စစ်တွေ၊ ကုန်တန်းရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နှစ်ဘက်စစ်ရေးတင်းမာနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီက ခံစစ်အခိုင်အမာပြင်ဆင်နေကာ မြို့တွင်းတွင် အရင်ကထက် လုံခြုံရေးတိုးမြင့်ချထားကြောင်း ပြောသည်။

 အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်အတွင်းမြို့နယ်ပေါင်း (၁၄) ခုနှင့် ပလက်၀ဒေသ တစ်ခုလုံးကို သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့သာ ကျန်ရှိတော့သည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...