လွိုင်လင်လေးအခြေစိုက် (၅၃၀) တပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး အသက် ၁၂ နှစ်အရွယ် ကလေး ၂ ဦး သေဆုံး

လွိုင်လင်လေးအခြေစိုက် (၅၃၀) တပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး အသက် ၁၂ နှစ်အရွယ် ကလေး ၂ ဦး သေဆုံး

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့နယ်၊ စစ်ကောင်စီ၏ လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀) တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦးသေဆုံးပြီး ၅ လသားအရွယ် ကလေးငယ် ၁ ဦး ဘယ်လက်ပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်က ခမရ (၅၃၀) တပ်မှ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၃ လုံးထက်မနည်း လွိုင်ကော်မြို့၊ ပိန်းချစ်ကျေးရွာအုပ်စုအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ရာတွင် ကလေးငယ် ၃ ဦးနှင့် အသက် ၃၀ ကျော် အမျိုးသမီး ၁ ဦးတို့ ကျည်စထိမှန်ခဲ့ပြီး ကလေးငယ် ၂ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“လွိုင်လင်လေး အနောက်ခြမ်းရွာတစ်ရွာပေါ့၊ လက်နက်ကြီးကျတာ လူလေးယောက်ထိတာပေါ့။ မနက်ပိုင်းပေါ့နော်။ အဲ့ဒါ ကလေးငယ် ၃ ဦးနဲ့ လူကြီး ၁ ဦးထိတယ်။ ကလေးငယ် ၃ ဦးမှာ ၂ ဦးကတော့သေဆုံးတယ်လို့ ကျနော်တို့ သိရတယ်” ဟု အဆိုပါဒေသခံက ပြောဆိုသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သော ကျေးရွာသည် လွိုင်လင်လေးမြို့နှင့် ၄ မိုင်အကွာတွင်ရှိပြီး ကရင်နီ - ရှမ်း နယ်စပ်အနီး၌ တည်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသခံတို့၏ ပြောဆိုချက်အရ ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းက လွိုင်လင်လေးမြို့နှင့် ၁၀ မိုင်ဝန်းကျင်အကွာတွင်ရှိသည့် ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် PNO (ပြည်သူ့စစ်) ပူးပေါင်းအထိုင်ချထားသော စေတီကုန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယင်းသို့နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီးနောက် လွိုင်လင်လေးအခြေစိုက်တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ကျေးရွာများထဲကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ထိုသို့စစ်ကောင်စီလုပ်ရပ်က လူထုတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်သည်ဟု ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ်ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောဆိုသည်။

“လူမဆန်စွာလုပ်တဲ့ အလုပ်တွေပဲ။ သူတို့ (စစ်ကောင်စီ) က လုပ်ထုံးလုပ်နည်း၊ အလေ့အထပေါ့။ သူတို့ရဲ့ ဆုံးရှုံးမှုကိုပါပြပြီး လူထုတွေကိုပါ သတ်ချင်တဲ့သဘောလို့ပဲ သုံးသပ်ပါတယ်” ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီ - ရှမ်း နယ်စပ်မြို့ဖြစ်သည့် လွိုင်လင်လေးမြို့ပတ်လည် အနီးအနား၌ တော်လှန်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသလို လွိုင်လင်လေးအခြေစိုက် တပ်ရင်းကနေလည်း လက်နက်ကြီးများနှင့် ရမ်းသန်းပစ်ခတ်မှုရှိတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံတို့ထံက သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇန်နဝါရီလ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားနှင့် ဒီမိုကရေစီလှုပ်ရှားသူ ၆၁၂၉ ဦး သေဆုံးမှုရှိသည်ဟု ပြောဆိုထားသည်။

January 23, 2026
ကရင်နီပြည်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် သုံးခုမှာ အမည်စာရင်းတင်သွင်းထားတဲ့ ရွေးကောက်ခံ...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 22, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး...
ဓာတ်ပုံ - Thai PBS North
January 21, 2026
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ မနက် ၁ နာရီဝန်းကျင်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...
၂၀၂၅ခုနှစ် သြဂုတ်လအတွင်း ရှမ်းပြည်တောင်ပိုင်းက နောင်ဗိုလ်ကျေးရွာကို PNO မိးရှို့မှုကြောင့် နေအိမ် မီးလောင်စဉ် (ဓါတ်ပုံ - PNLA )
January 20, 2026
ရှမ်းပြည်တောင်ပိုင်း ၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စုမှာရှိတဲ့ ခြိင်းနင် ကျေးရွာကို...