မံစီမြို့ ခမရ ၆၀၁ ၊ ခမရ ၃၁၉၊ ခမရ ၃၅၂ တပ်စခန်း ၃ ခုစလုံးကို KIA အပြီးသတ်သိမ်းပိုက်

မံစီမြို့ ခမရ ၆၀၁ ၊ ခမရ ၃၁၉၊ ခမရ ၃၅၂ တပ်စခန်း ၃ ခုစလုံးကို KIA အပြီးသတ်သိမ်းပိုက်

ဗန်းမော်ခရိုင် မံစီမြို့ရှိ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။

မံစီမြို့ စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁၊ ခမရ ၃၁၉၊ ခမရ ၃၅၂ တပ်ရင်း ၃ ခုစလုံးကို KIA ပူးပေါင်းတပ်တွေက ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းတစ်ဦးက KNG ကို ပြောပါတယ်။

“မှန်ပါတယ်။ မနက်ပိုင်း ၁၀ နာရီကျော်လောက်မှာ တပ်စခန်း ၃ ခုစလုံးကို ရှင်းလင်းသိမ်းပိုက်လိုက်ပြီ။ အခုက ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ လိုက်လံရှင်းလင်းနေသေးတယ်” လို့ ပြောပါတယ်။

မံစီမြို့နယ်တစ်ခုလုံး စစ်တပ် ကင်းစင်နယ်ဖြစ်သွားပြီး လက်ရှိမှာ စခန်းသိမ်းတိုက်ပွဲအတွင်း လွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

KIA သိမ်းပိုက်လိုက်တဲ့ ခမရ ၆၀၁၊ ခမရ ၃၁၉၊ ခမရ ၃၅၂ တပ်ရင်း ၃ ခုစလုံးက လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ ရှေ့တန်း သတင်းအရင်းမြစ်တွေက ပြောပြပါတယ်။

မံစီမြို့စောင့်တပ် ၃ ခု စလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်တာနဲ့ပတ်သက်ပြီး KIO ဘက်ကလည်း အတည်ပြုပြောဆိုထားပါတယ်။

“တပ်စခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီလို့တော့ သတင်းတွေဆီကနေ သိရပေမယ့် တရားဝင် ပြောလာတာတော့ မရှိသေးဘူး။ ဒါပေမယ့် သေချာဖို့တော့ များပါတယ်။ ဘာလို့လဲဆိုတော့ နှစ်သစ်ပြီးသွားကတည်းက နေ့တိုင်းလိုလို တိုက်ခိုက်နေတာဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေများပါတယ်” လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။

မံစီမြို့နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက စခန်းသိမ်းတိုက်ပွဲ စတင်ဖော်ဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ မြို့တွင်းအခြေစိုက် တပ်စခန်း ၃ ခုမှလွဲပြီး မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ခမရ ၆၀၁၊ ခမရ ၃၁၉၊ ခမရ ၃၅၂ တပ်ရင်း စတဲ့ တပ်စခန်း ၃ ခုစလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လိုက်တာနဲ့အတူ တစ်ပြိုင်နက် ထိုးစစ်ဆင် ပြန်လည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် မံစီတိုက်ပွဲကို နှစ်သစ်ကူးကာလမှာ ယာယီရပ်နားထားပြီး ဇန်နဝါရီလ ၆ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၃ ရက်အကြာမှာ အပြီးသတ် သိမ်းပိုက်လိုက်တာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာ မံစီမြို့နဲ့ တစ်ဆက်တည်းရှိတဲ့ ဗန်းမော်မြို့တွင်းမှာလည်း မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...