၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်သလို အောင်မြင်မှုရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်သလို အောင်မြင်မှုရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

အခု ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်သလို အောင်မြင်မှုရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"တိုက်ပွဲကတော့ ဆက်ရှိမှာပါ။ ၂၀၂၅ မှာလည်း ကျန်ရှိနေသေးတဲ့၊ ဆက်တိုက်နေတဲ့ တိုက်ပွဲတွေကတော့ အပြီးသတ် ဆောက်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၅ မှာလည်း ပိုပြီးမှ တိုက်ပွဲကတော့ ဆက်ပြင်းထန်လာနိုင်ပါတယ်။ အောင်မြင်မှုရတဲ့အထိပေါ့နော်။ ဆက်ပြီးမှ တိုက်ပွဲက ဝင်သွားမှာဖြစ်ပါတယ်" လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကနေ စတင်လာခဲ့တဲ့ ဗန်းမော်မြို့နဲ့ မံစီအနီးတစ်ဝိုက် စစ်ကောင်စီတပ်စခန်းတွေဘက်မှာ နှစ်ဖက်တပ် စစ်ရေးတင်းမာနေဆဲလည်း ဖြစ်ပါတယ်။

ဗန်းမော်နဲ့ မံစီမြို့ အနီးတစ်ဝိုက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား စစ်ရေးအခြေအနေ တင်းမာနေတာ တစ်လနီးပါးရှိလာပေမဲ့ လက်ရှိအခြေအနေအထိ တိုက်ပွဲငြိမ်သက်သွားတာ မရှိသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်တာအပြင် နှစ်ဖက်တပ်ကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြန်အလှန် တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

"တိုက်ပွဲကတော့ နေ့တိုင်းလိုလိုပါပဲ ဆက်ရှိနေပါတယ်။ မံစီဘက်မှာကတော့ တိုက်ပွဲ နည်းနည်းပိုပြီးမှ ပြင်းထန်သလို ဖြစ်နေပါတယ်" လို့ ဆိုပါတယ်။

အဲဒီလို ဗန်းမော်မြို့ဘက် တိုက်ပွဲတွေ ပြင်းထန်နေချိန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က တရုတ်အစိုးရကနေ ဖိတ်ခေါ်တဲ့အတွက် ကချင်လွတ်ရေးအဖွဲ့အစည်း (KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးချိန် အပစ်အမြန်ရပ်ပြီး နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးလုပ်ဖို့နဲ့ နယ်စပ်ဂိတ်ဖွင့်မယ့်အရေးတွေကို တရုတ်ဘက်က ဆွေးနွေးလိုက်ပေမဲ့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်သွားတာ မရှိသေးတာလည်း ဖြစ်ပါတယ်။

ကချင်လွတ်ရေးအဖွဲ့အစည်း (KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ မနေ့က ပြောကြားခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာလည်း နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေကို ဆင်ခြင်သုံးသပ်ပြီး တစ်မျိုးသားလုံး လွတ်မြောက်ရေးလုပ်ငန်းစဉ်မှာ ထိထိရောက်ရောက် အသုံးချနိုင်မယ့် အစီအစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ ပါရှိပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...