ဂွမြို့ကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် AA ဝင်တိုက်မည်ဟုဆိုကာ စစ်ကောင်စီက တပ်လှန့်ပြီး လုံခြုံရေးတိုးမြှင့်

ဂွမြို့ကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် AA ဝင်တိုက်မည်ဟုဆိုကာ စစ်ကောင်စီက တပ်လှန့်ပြီး လုံခြုံရေးတိုးမြှင့်

စစ်ကောင်စီက ဂွမြို့ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဝင်တိုက်မည်ဟု တပ်လှန့်ထားကာ မြို့ကိုလည်း လုံခြုံရေးတိုးမြှင့်ထားသည်ဟု ဒေသခံများက ပြောကြားသည်။

“ဂွမြို့ကို ဒီလ ၁၅ ရက်နေ့မှာ ဝင်တိုက်မယ်ဆိုပြီး စစ်ကောင်စီက တပ်လှန့်ထားပြီး လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။ မြို့ထဲကျန်နေတဲ့ ဒေသခံတွေကို မြို့ပြင်ကို မထွက်ရဘူးလို့ သတိပေးထားပါတယ်။ ဂွမြို့ပတ်လည်မှာတော့ စစ်သားတွေ တင်းကျပ်စွာ ချထားပါတယ်” ဟု ဂွဒေသခံတစ်ဦးက ပြောသည်။

လုံခြုံရေးတိုးမြှင့်ရာတွင် ဂွ - ငသိုင်းချောင်း လမ်းပိတ်ထားပြီး ဂွချောင်းကူးတံတားရှိရာ မကျည်းငူကျေးရွာဘက်သို့ ထွက်လမ်းကို ဖွင့်ထားသဖြင့် ဂွဒေသခံအချို့မှာ အဆိုပါလမ်းမှတစ်ဆင့် ငွေသောင်ယံမြို့ဘက်သို့ ထွက်ခွာမှုများ ဆက်လက်ရှိနေသည်ဟု ဆိုသည်။

လက်ရှိ တိုက်ပွဲမှာ ဂွမြို့ မြောက်ဘက် ၅ မိုင်ခန့်အကွာ စည်ပင်ရွာ၊ ကျောက်ကြီးရွာဘက်တို့တွင် ဖြစ်ပွားနေပြီး ကြည်း၊ ရေ၊ လေ ပစ်ကူမှုများရှိနေသည်ဟု ဆိုသည်။

“တိုက်ပွဲက စည်ပင်ရွာ နောက်ကြော စက်မှုအထက်တန်းကျောင်း တည်ဆောက်နေတဲ့နေရာမှာ မနေ့ မနက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာရှိတယ်။ စစ်ကောင်စီလေယာဉ်က ဗုံးကြဲတဲ့အတွက် ဆောက်ထားတဲ့အဆောင်တွေ တော်တော်များများ ပျက်စီးကုန်တယ်လို့ သိရပါတယ်။ ဒီနေ့ အဲဒီနေရာတွေကို ရေတပ်ရော၊ မြေပြင်တပ်တွေကပါ အမြောက်တွေနဲ့ ပစ်တာရှိပါတယ်” ဟု သူကပြောသည်။

ယခု တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသည် ရိုးတောင်နှင့်ပင်လယ်အကြား ကျဉ်းမြောင်းသော နေရာများဖြစ်သဖြင့် စစ်ကောင်စီလေယာဉ်များသည် ရိုးတောင်ဘက်ကပျံမလာဘဲ ပင်လယ်ဘက်ကနေ ပတ်ပျံကာ လာရောက်ဗုံးကြဲတိုက်ခိုက်သည်ကို မြင်တွေ့ရသည်ဟု ဆိုသည်။

“မနေ့ကတော့ စည်ပင်ကျေးရွာ စစ်မှုအထက်တန်းကျောင်းဝန်းကျင်မှာ တိုက်ပွဲဖြစ်တယ်။ စစ်တပ်က ကြည်း၊ ရေ၊ လေ ပေါင်းတိုက်တယ်။ လေယာဉ်တွေက ပင်လယ်ဘက်ကနေ ပတ်ပျံလာတာကိုတွေ့တယ်။ ရိုးတောင်နားတော့ သိပ်မကပ်ဘူး။ ပစ်ချခံရမှာကို စိုးရိမ်လို့ထင်တယ်။ အခု ဂွမှာက MPT လိုင်းလည်းပြတ်နေတော့ တစ်ရွာနဲ့တစ်ရွာ ဆက်သွယ်ဖို့ ခက်ခဲ့နေပါတယ်” ဟု ၎င်းကပြောသည်။

ဂွမြို့ပေါ် တွင် ပိတ်မိနေသည့် ဒေသခံများမှာ စားဝတ်နေရေးကျပ်တည်းကာ တိုက်ပွဲများ မြို့အနီးတွင် ဖြစ်ပွားလာနေသဖြင့် ကျီးလန့်စာစားအခြေအနေမျိုး ဖြစ်နေရသည်ဟု ပြောဆိုသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...