အလုပ်အကိုင်ရှားပါးမှုကြောင့် အာဟာရဖြစ်အောင် စားသောက်နိုင်မှု မရှိတော့ဘူးလို့ စစ်ဘေးရှောင်တွေပြော

အလုပ်အကိုင်ရှားပါးမှုကြောင့် အာဟာရဖြစ်အောင် စားသောက်နိုင်မှု မရှိတော့ဘူးလို့ စစ်ဘေးရှောင်တွေပြော

ကရင်နီပြည်က စစ်ဘေးရှောင်တွေအပါအဝင် စစ်ဘေးမရှောင်ရတဲ့ ကျေးရွာဒေသခံတွေဟာ စစ်ပဋိပက္ခကာလအတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် ဝင်ငွေမရှိတဲ့အတွက် အာဟာရနဲ့ညီမျှအောင် မစားသောက်နိုင်ဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်တချို့ကတော့ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးကို လုပ်ကိုင်ကြသူနဲ့ စျေးရောင်းရင်း ဖြေရှင်းကြသူတွေဖြစ်ပြီး အများစုကတော့ အလှူရှင်တွေရဲ့ ထောက်ပံ့လှူဒါန်းမှုကိုသာ မှီခိုအားထားနေရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ကာလ ကြာမြှင့်လာတာနဲ့အမျှ စားသောက်ရေး ပိုမိုကြပ်တည်းလာကြတယ်လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ ဦးဆီမိုးနိုင်က အခုလိုပြောပါတယ်။

“အရင်တုန်းကဆိုတော့ နည်းနည်း ပိုအဆင်ပြေတာပေါ့။ စပြေးတုန်းကဆို ပိုက်ဆံလည်း နည်းနည်းပါတယ်။ ဘီဒိုတွေလည်းပါလာတယ်။ အခုကျတော့ ဘီဒိုရောင်းတာလည်း ကုန်ပြီ။ ဆိုင်ကယ်တွေလည်း ရောင်းကုန်ပြီ။ ထမင်းကတော့ မနက်တော့ အဝစား နေ့လည်ကျတော့ ဆန်ပြုတ် ညနေကျတော့ အဝပြန်စား အဲ့လိုမျိုးပေါ့နော်” လို့ ဦးဆီမိုးနိုင်က ပြောပါတယ်။

အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် သီးနှံစိုက်ခင်းတွေအပါအဝင် စပါးစိုက်ခင်း ဧက သောင်းနဲ့ချီ ရေနစ်မြှုပ်ပျက်စီးခဲ့သလို ကုန်စည်စီးဆင်းမှုလည်း ပြတ်တောက်ခဲ့တာကြောင့် ကရင်နီပြည်တွင်းမှာ ကုန်စျေးနှုန်းတွေလည်း ပိုမိုမြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရာဂီမုန်တိုင်း မတိုင်ခင် ခရမ်းချဥ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်ရှိပေမယ့် လက်ရှိမှာတော့ တစ်ပိဿာ ၅၀၀၀ ကျပ်ရှိနေပြီလို့ ဆိုပါတယ်။

ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေကတော့ စိုက်ပျိုးရေးပြုလုပ်နေကြဆဲဖြစ်ပြီး ပေါင်းရှင်းတာ၊ ရိတ်သိမ်းရေးတွေမှာ စစ်ဘေးရှောင်တွေကို နေ့စားအလုပ်ခေါ်ကြလေ့ရှိပြီး အနိမ့်ဆုံးလုပ်အားခကို ၁၀,၀၀၀ ကျပ်ပေးတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အသီးအရွက်တို့လို ကုန်စိမ်းစျေးနှုန်းတွေလည်း စျေးနှုန်းမြင့်တက်လာတာကြောင့် မိသားစုဝင်များတဲ့ စစ်ဘေးရှောင်မိသားစုအတွက် တစ်ရက်လုပ်အားခက တစ်ရက်တာစားသောက်ဖို့ မလုံလောက်ဘူးလို့ ပြောပါတယ်။

ကျန်းမာရေးအတွက် အာဟာရဓာတ်ပြည့်ဝအောင် အသားဓာတ်နဲ့ အသီးအရွက်၊ ပဲအမျိုးမျိုး၊ နို့ကို မျှတအောင်စားသောက်ဖို့ လိုအပ်ပေမယ့် ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက ဒီလို သင့်တင့်မျှတအောင် မစားသောက်နိုင်ဘူးလို့ ပြောပါတယ်။

“အသီးအရွက်ထက် အသား ၁၂,၀၀၀ ဖိုးဝယ်ပြီး သုံးနှပ် လေးနှပ် စားတယ်ပေါ့နော်။ ပိုတန်တယ်လို့ထင်လို့လေ” လို့ သူကပြောပါတယ်။

ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ တခြား အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်နေဆဲဖြစ်ပြီး နေရာအလိုက် စျေးနှုန်းပြောင်းလဲမှုရှိတယ်လို့ ပြောပါတယ်။

တစ်နေ့တာ ဝမ်းရေးဖြေရှင်းနိုင်ဖို့အတွက် စစ်ဘေးရှောင်တွေက အလုပ်အကိုင်ရရှိရေးကိုလည်း မျှော်လင့်နေကြပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်နဲ့ ရှမ်း - ကရင်နီ နယ်စပ်မှာ စစ်ဘေးရှောင် လူထု ၃၅၀,၀၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။

ကာလရှည်ကြာစွာ စစ်ဘေးရှောင်နေရတဲ့ လူထုတွေအတွက် ထောက်ပံ့ကူညီပေးမယ့် အရင်းအမြစ်တွေ နည်းပါးလာနေပြီလို့လည်း IEC က ပြောဆိုထားပါတယ်။

Most read this week

January 23, 2026
ကရင်နီပြည်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် သုံးခုမှာ အမည်စာရင်းတင်သွင်းထားတဲ့ ရွေးကောက်ခံ...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 22, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး...
ဓာတ်ပုံ - Thai PBS North
January 21, 2026
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ မနက် ၁ နာရီဝန်းကျင်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...
၂၀၂၅ခုနှစ် သြဂုတ်လအတွင်း ရှမ်းပြည်တောင်ပိုင်းက နောင်ဗိုလ်ကျေးရွာကို PNO မိးရှို့မှုကြောင့် နေအိမ် မီးလောင်စဉ် (ဓါတ်ပုံ - PNLA )
January 20, 2026
ရှမ်းပြည်တောင်ပိုင်း ၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စုမှာရှိတဲ့ ခြိင်းနင် ကျေးရွာကို...