ကရင်နီဒေသရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ခန့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

ကရင်နီဒေသရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ခန့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)

ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့် နောက်ဆက်တွဲကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC) အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာနမှ ယနေ့(နိုဝင်ဘာ ၂၅ ရက်) ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

IEC အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာနမှ အောက်တိုဘာ ၁ ရက်နေ့က ကောက်ယူသည့်စာရင်းအရ ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၇၄၀ ဦးရှိပြီး တပြည်နယ်လုံးအတိုင်းအတာဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးစုစုပေါင်း ၃,၀၀၀ ဝန်းကျင်ရှိသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

ယင်းကိုယ်ဝန်ဆောင်အမျိုးသမီးများသည် စစ်ပွဲကာလဖြစ်သည့်အလျောက် ခရီးစားရိတ်မတတ်နိုင်ခြင်း၊ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခက်ခဲများကြောင့် မီးဖွားမှု အခက်အခဲ၊ မီးဖွားပြီး နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရပြည့်မီစွာစားသုံးနိုင်ရန် အကန့်အသတ်များရှိနေကြောင်းဆိုသည်။

ကရင်နီဒေသတွင် ယခင်တည်းက မီးဖွားခွင့်အခက်ခဲကြောင့် ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစကလေးငယ် များသေဆုံးမှုရှိခဲ့ကြောင်း ကရင်နီအမျိုးသမီးအစည်းအရုံး (KnWO) ဥက္ကဋ္ဌ မော်ဖရေမြာက ပြောသည်။

ယင်းအပြင် ကိုယ်ဝန်ဆောင်များအတွက် ကာကွယ်ဆေး၊ ဆောင်ရန်ရှောင်ရန်နှင့် မျိုးဆက်ပွားကျန်းမာ ရေးဆိုင်ရာ အသိပညာဟောပြောမှုများသည်လည်း အားနည်းနေသဖြင့် မြေပြင်တွင် နောက်ဆက်တွဲ ပြဿနာများ ကြုံတွေ့နေရကြောင်း ဆိုသည်။

“တချို့ဆိုရင် မီးနေသည်နဲ့ပဲ မွေးလာတဲ့ကလေးတွေက အသားဝါမှန်းမသိ၊ အသားဝါဖြစ်မှန်းမသိတော့ နောက်ကျပြီး ဆေးရုံဆေးခန်းပြ။ နောက်ကျတော့ ရောဂါက တမျိုးကနေ နှစ်မျိုးဖြစ်။ တချို့ နောက်ကျရောက်လို့ ကုသလို့မလွယ်တော့တာမျိုးတွေလည်း ရှိတယ်။ နောက်ပြီး တားဆေးထိုးဆေးတွေက လုံလောက်မရှိတော့ ဒီကြားထဲကလေးပြန်ရတာမျိုးတွေ၊ အဲဒီကနေ စကားများရန်ဖြစ် အိမ်တွင်းအကြမ်းဖက်မှုတွေပါ ရှိလာတယ်”ဟု မော်ဖရေမြာက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ကရင်နီဒေသတွင်းရှိ ကိုယ်ဝန်ဆောင်များအတွက် တော်လှန်ရေးတပ်ဖွဲ့အချို့နှင့် IEC ကျန်း မာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများပေးနေသော်လည်း လုံလောက်မှုမရှိသေးကြောင်း ဆိုသည်။

ကရင်နီပြည်နယ်တွင် စစ်ရှောင်အမျိုးသမီး ၂၀,၀၀၀ ဝန်းကျင်ရှိပြီး တပြည်နယ်လုံးအတိုင်းအတာဖြင့် အရွယ်ရောက်ပြီးသူ အမျိုးသမီး ၃၀,၀၀၀ ခန့်ရှိကြောင်း IEC အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနမှ ပြုစုထားသည့်အချက်အလက်အရ သိရသည်။

ယင်းအမျိုးသမီးများတွင် စောစီးစွာ အိမ်ထောင်ကျခြင်း၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာအားနည်းခြင်း၊ နေထိုင်ရာပတ်ဝန်းကျင်တွင် တကိုယ်ရည်သုံး သန့်ရှင်းရေး ပစ္စည်းများလုံလောက်စွာမရှိခြင်း၊ ဝယ်ယူရန် ငွေကြေးအလုံအလောက်မရှိခြင်းတို့ကြောင့် တကိုယ်ရည်ကျန်းမာရေးနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့ခံစားနေရကြောင်း IEC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအပြင် ဆယ်ကျော်သက်မိန်းကလေးငယ်များနှင့် မျိုးဆက်ပွားနိုင်သည့်အရွယ်ရှိသည့် အမျိုးသမီးများအား တကိုယ်ရည်ကျန်းမာရေးဆိုင်ရာ ပစ္စည်းများပံ့ပိုးပေးခြင်းနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများ မြှင့်တင်လုပ်ဆောင်ရန်လိုအပ်ကြောင်း ထောက်ပြထားသည်။

ကရင်နီပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် နို့တိုက်မိခင်များအတွက် လိုအပ်သော အာဟာရဖြည့်စွက်စာနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုများကို လက်လှမ်းမီနိုင်ရန် လိုအပ်သည့် ကူညီပံ့ပိုးမှုနှင့်အစီမံများကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)၏ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနအနေဖြင့် ရေးဆွဲအကောင်ထည်ဖော်သွားမည်ဖြစ်၍ သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးမှ ပူးပေါင်းပါဝင်ပေးရန်လည်း တောင်းဆိုထားသည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...