ကျောက်တော်တွင် စစ်ဘေးရှောင်ကလေးငယ်များ ဝမ်းရောဂါအဖြစ်များနေ

ကျောက်တော်တွင် စစ်ဘေးရှောင်ကလေးငယ်များ ဝမ်းရောဂါအဖြစ်များနေ
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေကြောင်း စခန်းတာဝန်ရှိသူနှင့် စစ်ဘေးရှောင်များထံမှ သိရသည်။

ကံကြီးသျှင်၊ မီးရထားဘူတာ စစ်ဘေးရှောင်စခန်းတို့မှ အသက် ၅ နှစ်အောက် ကလေးငယ် ၂၀ နီးပါးမှာ ဝမ်းရောဂါဖြစ်ပွားနေပြီး ကလေးငယ်အချို့မှာ ဆေးရုံတက်၍ ကုသမှုခံယူနေရသည်။

ကံကြီးသျှင်စခန်းမှ ကလေးမိခင်တစ်ဦးက “ကလေးက အန်တယ်၊ ပြီးရင်ဝမ်းသွားတယ်။ ဝမ်းသွားတဲ့ဒဏ်ကို မခံနိုင်တော့ သတိမေ့သလို ဖြစ်သွားတယ်။ ဆေးရုံကို အချိန်မီပို့နိုင်ခဲ့လို့ တော်သေးတယ်။ ဆေးရုံတင်တာ နောက်ကျရင် သေသွားနိုင်တယ်” ဟု ပြောသည်။  

ယင်လုံအိမ်သာ မလုံလောက်မှု၊ သောက်သုံးရေ မသန့်ရှင်းမှု၊ အစားအသောက် မသန့်ရှင်းမှုနှင့် ရာသီအကူးအပြောင်းကြောင့် ဝမ်းရောဂါအဖြစ်များနေခြင်းဟု စစ်ဘေးရှောင်များက ပြောသည်။

ကလေးများအပြင် သက်ကြီးရွယ်အိုများလည်း ဝမ်းရောဂါဖြစ်ပွားမှု ရှိလာနေ၍ စစ်ဘေးရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်။

ဝမ်းရောဂါများသည် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၌ အဖြစ်များပြီး အသက်အရွယ်မရွေးလည်း ဖြစ်တတ်သည်။ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးကောင်များမှ ကူးစက်ဖြစ်ပွားသော ရောဂါဖြစ်ပြီး အများစုမှာ မစင်မှတစ်ဆင့် သောက်ရေ၊ သုံးရေ မသန့်ရှင်းမှု ဖြစ်ကာ ကူးစက်ပြန့်ပွားတတ်သည်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခြင်းသည် အသက် (၅) နှစ်အောက် ကလေးသေဆုံးမှုများအနက် ဒုတိယအများဆုံး သေဆုံးမှုအကြောင်းအရင်းဖြစ်ပြီး နှစ်စဉ် အသက် (၅) နှစ်အောက် ကလေးပေါင်း (၅၂၅,၀၀၀) ခန့် သေဆုံးနေရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကံကြီးသျှင်စစ်ရှောင်စခန်း တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက “စခန်းမှာ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေ ဝမ်းပျက်ဝမ်းလျှော အဖြစ်များတယ်။ သောက်ရေသုံးရေက အနီးအနားကကန်ရေကိုပဲ အသုံးပြုနေရတာ။ အိမ်သာလည်း အလုံအလောက် မရှိဘူး။ လက်လုပ်လက်စားတွေ များပြီး ဆေးရုံဆေးခန်းတွေပြဖို့လည်း မတတ်နိုင်တဲ့သူတွေ အများကြီးရှိတယ်” ဟု ပြောသည်။

ကံကြီးသျှင်စခန်းတွင် ယင်လုံအိမ်သာ ၃ လုံးရှိပြီး ၁ လုံးသာ အသုံးပြု၍ရသဖြင့် စစ်ဘေးရှောင်များအတွက် ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာအတွက် စိုးရိမ်စရာဖြစ်နေသည်။

စစ်ဘေးရှောင်အများစုမှာ ကြုံရာကျပန်းလုပ်ကိုင်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြသူများဖြစ်၍ နေမကောင်းဖြစ်ပါက ဆေးခန်းသွားမပြနိုင်သည့်အပြင် ဆေးဝယ်မသောက်နိုင်သူများလည်း ရှိနေသည်။

“ဆေးရုံဆေးခန်းခတွေ ဈေးအရမ်းကြီးတော့ ကလေးကို ဆေးရုံလည်းမပို့နိုင်ဘူး။ ကျမကလေးက လုံးဝမသက်သာလို့ သွားပြတာ ပိုက်ဆံသုံးသိန်းကျော် ကုန်တယ်။ အလုပ်အကိုင်မရှိ ဝင်ငွေမရှိတဲ့ ကျမတို့မှာ ပိုက်ဆံ အဲဒီလောက်အများကြီး မတတ်နိုင်ဘူး။ သူများတွေဆီက ချေးငှားပြီးတော့ ဆေးခန်းသွားပြရတာ” ဟု စစ်ဘေးရှောင် ဒေါ်နွယ်နွယ်ဆန်းက ပြောသည်။

ကျောက်တော်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၆,၇၀၀ ကျော်ရှိပြီး ယင်းအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၂,၀၀၀ ကျော်ပါဝင်ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) ၏ စာရင်းအရ သိရသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...