ဂွတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ဘေးရှောင် တစ်သောင်းကျော် အကူအညီလိုအပ်နေ

ဂွတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ဘေးရှောင် တစ်သောင်းကျော် အကူအညီလိုအပ်နေ
စစ်ရေးလေ့ကျင့်နေသော AA တပ်ဖွဲ့များ။ (ဓာတ်ပုံ - Hein Tun / Arakan Bay News)
စစ်ရေးလေ့ကျင့်နေသော AA တပ်ဖွဲ့များ။ (ဓာတ်ပုံ - Hein Tun / Arakan Bay News)

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ဆပ်သွားရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့အချို့မှာ တပ်ဆုတ်ထွက်ပြေးမှုများရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က လိုက်လံတိုက်ခိုက်နေပြီး ယနေ့ နိုဝင်ဘာ ၂၀ ရက်တွင်လည်း ဆပ်သွားရွာအနီးတွင် တိုက်ပွဲများပြင်းထန်နေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ဆပ်သွားကနေ ချင်းကုန်းဖက်ကို ထွက်ပြေးသွားသူတွေလည်းရှိတယ်။ ဒီနေ့နံနက်ပိုင်းကလည်း ဆပ်သွားရွာဖက်မှာ တိုက်ပွဲဖြစ်သံတွေ ကြားနေရတယ်” ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဆုတ်သွားသည့် ချင်းကုန်းကျေးရွာမှာ ဂွမြို့နှင့် ၁၂ မိုင်ခန့်သာ ကွာဝေးသည်။ AA ထိုးစစ်မှာ ဂွမြို့နှင့်နီးကပ်လာ၍ မြို့ဝင်လမ်းတစ်လျှောက်တွင် စစ်ကောင်စီက ခံစစ်အခိုင်မာပြင်ဆင်ကာ လူအင်အား၊ လက်နက်အင်အား အလုံးအရင်း ဖြည့်တင်းနေသည်။

“တိုက်ပွဲက မြို့နဲ့နီးလာပြီဆိုတော့ စစ်ကောင်စီက ဧရာဝတီဖက်ကနေပြီးတော့ လူအင်အားတွေရော၊ လက်နက်အင်အားတွေပါ ဖြည့်တင်းနေတာရှိတယ်။ မြို့ထဲမှာ မြို့ခံတွေ သိပ်မရှိတော့ဘူး။ အကုန်လုံးနီးပါးက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်” ဟု သတင်းရင်းမြစ် နောက်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကြောင့် ဂွမြို့နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ သောင်းနှင့်ချီရှိနေပြီး စားနပ်ရိက္ခာအကူညီများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက “ဂွမြို့နယ်မှာ တိုက်ပွဲတွေပိုပြီး ပြင်းထန်လာတဲ့အတွက် စစ်ဘေးရှောင်တွေက နေ့စဉ်နဲ့အမျှတိုးလာတယ်။ မြို့နယ်တစ်ခုလုံးမှာ စစ်ဘေးရှောင်ဦးရေ တစ်သောင်းခွဲ ဝန်းကျင်လောက် ရှိတယ်။ လတ်တလောမှာတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်။ အလှူရှင်တွေကလည်း နည်းလာတော့ စစ်ရှောင်တွေက ပိုပြီးတော့ အခက်အခဲရှိတယ်” ဟု ပြောသည်။

ဂွမြို့နယ်တွင် ဩဂုတ် ၈ ရက်မှ စတင်ကာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး AA က စစ်ကောင်စီ တပ်စခန်းများ အရှိန်မြှင့် ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို လေကြောင်း ဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေကို မေးမြန်းနေသည့် သတင်းထောက်နှစ်ဦး။ ဓာတ်ပုံ - DMG
June 23, 2026
ရခိုင်ပြည် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး၊...
June 22, 2026
ရခိုင်ပြည်တွင် မြို့၊ရွာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်နေ၍ အရပ်သားသေဆုံး...
အပေါက်ဝကျေးရွာတွင် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
June 20, 2026
မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်၍ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေပြင်းထန်စွာ စီးဆင်းခြင်း၊...
June 20, 2026
ကားကြီး၊ ကားငယ်လေးတွေက လမ်းမပေါ်မှာ အချိန်ပြင်းပြင်းနဲ့ မောင်းနှင်သွားလာနေကြတယ်။ လမ်းမကြီးရဲ့...