ရခိုင်တွင် အမျိုးသမီးအရေးလှုပ်ရှားမှုများ အားနည်းနေ

ရခိုင်တွင် အမျိုးသမီးအရေးလှုပ်ရှားမှုများ အားနည်းနေ

ရခိုင်ပြည်အတွင်း အမျိုးသမီးအရေးနှင့်ပတ်သက်၍ ကူညီဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ လှုပ်ရှားမှုအားနည်းသွားသဖြင့် အမျိုးသမီးအခန်းကဏ္ဍမှာလည်း မှေးမှိန်လာနေသည်။

စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးတိမ်းရှောင်နေရခြင်း၊ လမ်းခရီးပိတ်ဆို့ထားမှု၊ ဆက်သွယ်ရေးအခက်အခဲနှင့် လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းများကို စစ်ကောင်စီက ဖမ်းဆီးမှုတို့ကြောင့် အမျိုးသမီးရေး လှုပ်ရှားမှုများ အားနည်းသွားခဲ့ခြင်းဖြစ်သည်။

“အရင်ကလို မလုပ်နိုင်တော့ဘူး။ အဖွဲ့ထဲက လူတွေလည်း တစ်ယောက်တစ်နေရာစီ ကွဲသွားတယ်။ လမ်းတွေပိတ်ထားတော့ အမျိုးသမီးတွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ ကူညီပေးဖို့ ခက်ခဲတယ်။ ငွေကြေးပိုင်းကလည်း ခက်ခဲတယ်” ဟု ရခိုင့်အလင်းတံခါးအဖွဲ့ ဥက္ကဌ ဒေါ်ကျော့စိန်က ပြောသည်။  

လမ်းခရီးပိတ်ထားမှုနှင့် ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေခြင်းကြောင့် အမျိုးသမီးကဏ္ဍနှင့်ပတ်သက်၍ အချက်အလက်များကောက်ယူရန် အခက်အခဲများရှိကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောသည်။

လက်ရှိမှာ ရခိုင်ကအမျိုးသမီးများမှာ အိမ်တွင်းအကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ သီးသန့်ဆွေးနွေးပေးမည့် အဖွဲ့အစည်းများမရှိတော့၍ ထိခိုက်နစ်နာမှုများ ရှိနေသည်။

စစ်တွေဒေသခံ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးက “အိမ်တွင်းအကြမ်းဖက်ခံရတာနဲ့ ပတ်သက်ပြီး ဆွေးနွေးလို့ရမယ့်အဖွဲ့တွေ စစ်တွေမှာမရှိတော့ဘူး။ ဖုန်းလိုင်းတွေလည်းမရတော့ သူတို့နဲ့ ဘယ်လိုဆက်သွယ်ရမလဲ မသိဘူး။ ရွာက အုပ်ချုပ်ရေးမှူးကို တိုင်ကြားပေမယ့် လင်မယားကိစ္စဆိုပြီး ဘာမှထူးလာတာ မရှိဘူး” ဟု ပြောသည်။

တစ်ဖက်တွင်လည်း ရခိုင်ဒေသအတွင်း ပြင်းထန်လာနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူဦးရေ ၇ သိန်းနီးပါးအထိ တိုးလာနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး အရေးပေါ်လိုအပ်ချက်မှာလည်း မြင့်မားလျက်ရှိနေပြီး အကူအညီရရှိမှု နည်းပါးသည့်အတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြသည်။

စစ်ရေးပဋိပက္ခ ကြီးထွားလာမှုနှင့်အတူ အဖွဲ့အစည်းများမှာ အမျိုးသမီးအရေးထက် စစ်ဘေးရှောင်အရေးကို ပို၍ ဦးစားပေးလုပ်ကိုင်နေကြရကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောဆိုကြသည်။

“အမျိုးသမီးကဏ္ဍကို အရင်လို မလုပ်နိုင်တော့ဘူး။ စစ်ဘေးရှောင်တွေအတွက်ပဲ ပိုလုပ်နေရတယ်။ စစ်ဘေးရှောင်ဦးရေက နေ့စဉ်နဲ့ အမျှတိုးလာနေတော့ သူတို့တွေအဆင်ပြေဖို့အတွက်ပဲ ပိုဦးစားပေးနေရတာ။ ဒါကြောင့်လည်း အမျိုးသမီးအရေးနဲ့ပတ်သက်လို့ အားနည်းသွားတာဖြစ်တယ်” ဟု စစ်တွေမြို့ရှိ အမျိုးသမီးအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမျိုးသမီးများမှာ စစ်ရေးပဋိပက္ခဒဏ်ကို ပို၍ခံစားနေကြရပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများစွာဖြင့် နေထိုင်ကြရသည်။ ယင်းအပြင် လက်နက်ကြီး၊ လေကြောင်း၊ မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်တို့ကြောင့် သေဆုံးဒဏ်ရာရရှိမှုများလည်း ရှိနေသည်။

ပုံစာ - ၂၀၂၀၊ ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် စစ်တွေမြို့၌ ပြုလုပ်ခဲ့သည့် ကမ်ပိန်းတစ်ခု။

ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...