သိန္နီမြို့ KBC နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်

သိန္နီမြို့ KBC နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန်  KBC ဘုရားကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဖြစ်စဉ်ကတော့ အောက်တိုဘာ၂၇ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်မှာ  စစ်ကောင်စီက ဘုရားကျောင်းအပေါ်တည့်တည့်ကို  လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် ဘုရားကျောင်းဆောင်တစ်ခုလုံးအပြင် ကားသုံးစီး၊ အအေးခေါင်း၊ အသံချဲ့စက်နဲ့ အားလုံးပျက်စီးသွားခဲ့တယ်လို့ ဘုရားကျောင်းက တာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။

“ဘုရားကျောင်းက ရစရာကိုမရှိတော့ဘူး ခုနကကျွန်တော်တို့ တွက်ကြည့်တာကတော့ သိန်းတစ်သောင်းဖိုးလောက်က ပျက်စီးဆုံးရှုံးသွားတယ်”လို့ဆိုပါတယ်။

အောက်တိုဘာလ ၂၇ ရက်ည သိန္နီမြို့ထဲ စစ်ကောင်စီလေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ အထွေထွေအုပ်ချုပ်ရေးရုံး ၊ KBC ဘုရားကျောင်း၊ ဆန်းလီဟိုတယ်အထက်ဘက် စတဲ့နေရာသုံးနေရာဖြစ်ပြီး သေခိုက်သေဆုံးသူတော့ မရှိဘူးလို့ သိရပါတယ်။

ဒေသခံတွေသုံးသပ်ချက်အရ စစ်ကောင်စီအနေနဲ့ KBC ဘုရားကျောင်းအရှေ့ဘက် မီတာ (၅၀) ဝန်းကျင်အကွာအဝေးမှာရှိတဲ့တည်းခိုခန်းတစ်ခုမှာ ကိုးကန့်ဘက်က လူကြီးတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ခုလို ဗုံးကြဲတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ခုလိုသုံးသပ်ပါတယ်။

“ဘုရားကျောင်းအရှေ့ဘက်က တည်ခိုးခန်းတစ်ခုမှာ ကိုးကန့်ဘက်က လူကြီးတွေသူဌေးတွေ လာအိပ်ကြတယ်ဆိုတဲ့ သတင်းတွေက အရင်ကတည်းကထွက်နေတော့ ခုလိုဖြစ်လာမှာစိုးလို့ ကျွန်တော်တို့တောင်အဲဒီအနီးနားတဝိုက်မှာ မနေကြတော့ဘူးဟုတ်တယ်”လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီဘက်ကနေပြီးတော့ ကိုးကန့်တပ် MNDAAနဲ့ တအာန်းတပ်TNLA တို့ရှိနေနိုင်တယ်ထင်တဲ့နေရာတွေမှာ အမြဲလိုလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။

လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN)အဖွဲ့အစည်းရဲ့ ၂၀၂၄အောက်တိုဘာ လ ၂၇ ရက် ထုတ်ပြန်ချက်အရ  ရှမ်းပြည်မြောက်ပိုင်းမှာ  စစ်ကောင်စီရဲ့လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၂၀ဦးထိ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...
July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...