ဟောင်းနွမ်းငွေစက္ကူများကို အသုံးမပြုလျှင် အရေးယူသွားမည်ဟု AA က ဒေသန္တရအမိန့်ထုတ်

ဟောင်းနွမ်းငွေစက္ကူများကို အသုံးမပြုလျှင် အရေးယူသွားမည်ဟု AA က ဒေသန္တရအမိန့်ထုတ်

ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ဟောင်းနွမ်းငွေစက္ကူများ (ဟောင်းနွမ်း၊ စုပ်ပြဲငွေစက္ကူ)များကို အသုံးပြုကြရန် AA က ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ထပ်မံအသိပေးထားကြောင်း ဒေသခံများကပြောသည်။

မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ သံတွဲ စသည့် AA ထိန်းချုပ်ထားတဲ့ မြို့နယ်များတွင် ငွေစက္ကူအကောင်းများအပြင် ဟောင်းနွမ်းငွေစက္ကူများကိုပါ မဖြစ်မနေအသုံးပြုကြရန် အသိပေးထားခြင်းဖြစ်သည်။

ထိုသို့ ဟောင်းနွမ်းငွေစက္ကူများကို လက်မခံခြင်း၊ ရောင်းဝယ်၍မရရှိပါက ဒေသန္တရဥပဒေအရ အရေးယူ သွားမည်ဟုဆိုသည်။

“ပိုက်ဆံက အသစ်ဝင်တာမရှိဘဲ အဟောင်းပဲ ထပ်တလဲလဲအသုံးများနေတော့ အားလုံးက ဟောင်းနွမ်း လာတာပေါ့နော်။ ဒါကို အကုန်လုံးကလည်း နားလည်ဖို့လိုအပ်တယ်” ဟု မြေပုံမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ရေးပဋိပက္ခကြောင့် ရခိုင်တွင် လမ်းခရီးပိတ်ဆို့ခြင်း၊ ဘဏ်လုပ်ငန်းများ မလည်ပတ်နိုင်သည့်အတွက် ငွေစက္ကူအသစ်များ ဝင်ရောက်ခြင်းမရှိဘဲ ငွေစက္ကူအဟောင်းများကို အသုံးပြုကာ ရောင်းဝယ်လျက်ရှိကြသည်။

သို့ရာတွင် ငွေစက္ကူအဟောင်းများမှာ ပိုမိုဟောင်းနွမ်းလာခြင်းကြောင့် ရောင်းဝယ်ဖောက်ကားရာ၌ ဟောင်းနွမ်းငွေစက္ကူများကို အသုံးပြု၍မရဘဲ ဖြစ်လာနေသည်။

အဆိုပါ ငွေစက္ကူအဟောင်းများကို အသုံးပြုကြရန် AA မှ ပြီးခဲ့သည့်ဇူလိုင်လတွင် အသိပေးထားခဲ့သော်လည်း နောက်ပိုင်းတွင် ဟောင်းနွမ်းငွေစက္ကူများ ပြန်လည်အသုံးမပြုဘဲ ဖြစ်လာသဖြင့် ယခုအခါ ဒေသန္တရအမိန့် ထုတ်ပြန်လာခြင်းဖြစ်သည်။

ဟောင်းနွမ်းငွေစက္ကူများကို အသုံးမပြုခြင်းမှာ ဒေသခံများအတွက် များစွာထိခိုက်မှုရှိစေသည်ဟု မြောက်ဦးမြို့ခံ ဒေါ်ဟေမွန်လှိုင်က ပြောသည်။

“ကျမမှာတောင် သုံးလို့မရတဲ့ပိုက်ဆံ သိန်းနဲ့ချီပြီး သိမ်းထားလို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

တစ်ဖက်မှာလည်း အသုံးပြု၍မရသည့် ဟောင်းနွမ်းငွေစက္ကူများကို လျော့ဈေးဖြင့် လိုက်လံဝယ်ယူနေသည့် ဈေးကွက်တခုလည်း ပေါ်ပေါက်လာခဲ့သည်။

ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦးက “ညမတို့ ရွာဘက်မှာဆိုရင် တစ်သောင်းတန်ကို ခုနှစ်ထောင့်ငါးရာနဲ့ လိုက်ဝယ်ကြတာရှိတယ်။ စီးပွားရှာကြတာပေါ့နော်။ ဒါတွေကိုလည်း အရေးယူပေးစေချင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းက မြို့နယ်အများစုမှာ ဘဏ်လုပ်ငန်းများ လုံးဝရပ်တန့်နေပြီး စစ်ရေးပဋိပက္ခကာလ လမ်းခရီးပိတ်ဆို့ထားခြင်းတို့ကြောင့် ငွေသားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ ယင်းကြောင့် ဟောင်းနွမ်းငွေစက္ကူများကို အသုံးပြုကြရန် အာရက္ခတပ်တော် (AA)မှ ဒေသန္တရအမိန့် ထုတ်ပြန်ခြင်းအပေါ် ဒေသခံများက ကြိုဆိုလျက်ရှိကြသည်။

May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...