မောင်တောမြို့တွင် လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် ဒေသခံ ၅ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

မောင်တောမြို့တွင် လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် ဒေသခံ ၅ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၂၁ ရက်)၊ နံနက် ၂ နာရီခန့်တွင် ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသူများမှာ ဒေါ်လှလှအေး (၅၈)နှစ်၊ မခင်သီတာဌေး (၂၆)နှစ်၊ ကိုနေဇော်ဦး (၂၉)နှစ်၊ ကိုမောင်မောင်သိန်း (၂၀)နှစ်နှင့် မအေးအေးအောင် (၂၆)နှစ်တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ၁၀ ဦးထက်မနည်းရှိကာ အသေးစိတ်ကို DMG က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

“ ဒီနေ့ နံနက် ၂ နာရီလောက်မှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ လာချသွားတာ။ ၅ ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ ဒဏ်ရာရသူတွေထဲမှာ မောင်တောက စစ်ဘေးရှောင်လာတဲ့သူတွေပါတယ်။ ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ် ” ဟု မောင်တောဒေသခံ  သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ဖားဝပ်ချောင်းကျေးရွာမှ နေအိမ် ၃ အိမ်မှာလည်း လုံးဝပျက်စီးသွားကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မောင်တောမြို့နယ်အတွင်းက အရပ်သားနေထိုင်ရာကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံများ ထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေသည်။

မောင်တောဒေသခံတစ်ဦးက “ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ နေ့တိုင်းလာပစ်တာရှိတယ်။ တိုက်ပွဲမဖြစ်တဲ့နေရာတွေကလည်း လာပစ်တယ်။ ဖားဝပ်ချောင်းနားမှာဆိုရင် အခုဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူး ” ဟု ပြောသည်။

အောက်တိုဘာ ၁၉ ရက်ကလည်း မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီး(မွတ်ဆလင်) ကျေးရွာကို စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ မွတ်ဆလင် ၅ ဦးဒဏ်ရာရရှိခဲ့သည်။

မောင်တောမြို့နယ်တွင် နခခ ၅ တပ်ရင်းမှလွှဲ၍ စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်ထားသည့် AA သည် လက်ကျန်တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။  

DMG က ကောက်ယူထားသည့် စာရင်းများအရ အောက်တိုဘာ ၁ ရက်မှ ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းအထိ စစ်ကောင်စီလေကြောင်းပစ်ခတ်မှု‌ကြောင့် အရပ်သား သေဆုံးသူ ၃၉ ဦးနှင့် ဒဏ်ရာရရှိသူ ၇၀ ကျော်အထိ ရှိလာနေသည်။

May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...