ကျောက်တော်မြို့ လေကြောင်းဗုံးကြဲခံရမှု ဒေသခံ ၄ ဦး သေဆုံး၊ ၂၄ ဦး ဒဏ်ရာရ

ကျောက်တော်မြို့ လေကြောင်းဗုံးကြဲခံရမှု ဒေသခံ ၄ ဦး သေဆုံး၊ ၂၄ ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ ကျောက်တော်မြို့ကို ယမန်နေ့ အောက်တိုဘာ ၁၀ ရက်၊ ညနေ ၄ နာရီခွဲအချိန် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့လယ်ရှိ အ.ထ.က (၂) စာသင်ကျောင်းဝင်းနှင့် လမ်းမကြီးအနီးရှိ အမုန့်ကြိတ်စက်ရုံအနီးတွင် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးသွားခြင်း ဖြစ်သည်။

လေကြောင်းဗုံးကြဲခံရမှုကြောင့် သေဆုံးသူများမှာ မသန္တာအေး( ၁၈) နှစ်၊ ဦးအေးကျော် (၄၃) နှစ်၊ ဦးကျော်သိန်းလှ (၅၃) နှစ်၊ ဦးမောင်ထွန်းနိုင်(၄၅)နှစ် တို့ ဖြစ်သည်။

ဒဏ်ရာရရှိသွားသူများမှာ မချိုမြတ်မော် (၈) နှစ်၊ မနန်းသွယ်ခိုင် (၁၃) နှစ်၊ မရွှေအိမ်သူ (၁၄) နှစ်၊ မနွယ်နွယ်ခိုင် (၂၄) နှစ်၊ ဒေါ်မြတ်လဲ့လဲ့ငုံ (၃၅) နှစ်၊ ဒေါ်ဝေဝေတင် (၃၈) နှစ်၊ ဒေါ်ခိုင်ဆန်းဝေ (၄၂) နှစ်၊ ဒေါ်ရီရီသန်း (၄၆) နှစ်၊ ဒေါ်မချေ(၄၇) နှစ်၊ မောင်ခိုင်ကျော်လင်း (၆) နှစ်၊ မောင်ကျော်သူအောင် (၂၆) နှစ်၊ ဦးထွန်းသိန်းလှ (၃၄) နှစ်၊ ဦးမောင်မောင်ချေ (၃၆) နှစ်၊ ဦးခင်မောင်လွင် (၅၂) နှစ်၊ ဦးဦးကျော်ဝင်း (၅၅) နှစ်၊ ဦးဦးသန်း (၆၅) နှစ်အပါအဝင် ဒေသခံ ၂၄ ဦး ဖြစ်သည်။

ဒဏ်ရာပြင်းထန်သူအချို့ပါဝင်ပြီး အသက်န္တရာယ်စိုးရိမ်ရကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကလေးတွေ၊ အမျိုးသမီးတွေရော အကုန်လုံး ၂၄ ယောက် ဒဏ်ရာရတယ်။ အဲဒီအထဲမှာ ဒဏ်ရာတအားပြင်းထန်ပြီးတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်းပါတယ်။ အခုတော့ သူတို့က အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်” ဟု သူက ဆိုသည်။

ဗုံးကြဲခံရမှုကြောင့် ကျော်ဇာလီအမုန့်ကြိတ်စက်ရုံနှင့် ပြိုင်စံရှားအမုန့်ကြိတ်စက်ရုံတို့မှာ လုံးဝပျက်စီးသွားပြီး ရပ်ကွက်အတွင်းရှိ နေအိမ်အချို့မှာလည်း ထိခိုက်ပျက်စီးသွားသည်။

ကျောက်တော်မြို့နယ်သည် အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားသော ဒေသတစ်ခုဖြစ်သည်။ စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ရခိုင်ဒေသအတွင်း လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ဒေသခံများမှာ စိုးရိမ်မှုမြင့်တက်နေကြသည်။

 

“အခုဆိုရင် လူတွေက ဆိုင်ကယ်သံကြားရင်တောင် ဂျက်လေယာဉ်လာတယ်ဆိုပြီးတော့ ကြောက်လန့်တကြားဖြစ်နေကြတယ်။ ကြာလာရင် လူတွေက စိတ်ပိုင်းဆိုင်ရာ ရောဂါတွေတောင် ဖြစ်လာနိုင်တယ်။ ညဆိုရင်လည်း လေယာဉ်သံကြားရင် အိမ်အောက်ကို ဆင်းပြေးရလို့ အိပ်ပျက်ညတွေများပြီ” ဟု ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် အောက်တိုဘာ ၁ ရက်မှ ၁၁ ရက်၊ နံနက်အချိန်ထိ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးသူ ၁၀၀ နီးပါးရှိနေသည်။

AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...
May 12, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့နှင့်အနီးတစ်ဝိုက်ကို...
၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...