နိုင်ငံတစ်ဝန်း တစ်ရက်ကို ၇ ကြိမ်နှုန်း လေကြောင်းပစ်ခတ်နေ၊ ရခိုင်တွင် အများဆုံးဖြစ်

နိုင်ငံတစ်ဝန်း တစ်ရက်ကို ၇ ကြိမ်နှုန်း လေကြောင်းပစ်ခတ်နေ၊ ရခိုင်တွင် အများဆုံးဖြစ်

မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုနှစ် မေလမှ ဩဂုတ်လထိ လေးလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၈၂၀ ကြိမ်ရှိခဲ့ပြီး တစ်ရက်ကို ပျှမ်းမျှ ၇ ကြိမ်နှုန်းအထိ တိုက်ခိုက်ခဲ့သည်။

စစ်ရေးပဋိပက္ခများကို စောင့်ကြည့်မှတ်တမ်းပြုနေသည့် လွတ်လပ်သောသုတေသနအဖွဲ့ ဉာဏ်လင်းသစ်၏ အောက်တိုဘာ ၉ ရက်နေ့ ထုတ် အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

အစီရင်ခံစာအရ တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းအထဲ ရခိုင်ပြည်တွင် ၁၇၆ ကြိမ်၊ ရှမ်းမြောက်တွင် ၁၅၁ ကြိမ်၊ မန္တလေးတွင် ၁၃၂ ကြိမ်နှင့် စစ်ကိုင်း၊ ကချင် အပါအဝင် အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း ရှိခဲ့သည်။

လေ‌ကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်တွင် အရပ်သား သေဆုံးသူ ၁၀၁ ဦး၊ ရှမ်းမြောက်တွင် သေဆုံးသူ ၁၀၅ ဦး၊ မန္တလေးတွင် ၇၇ ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး စစ်ကိုင်း၊ မကွေး၊ ကချင်မှာလည်း အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်ခဲ့ကြောင်း ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် ရှမ်းမြောက်နှင့် ရခိုင်က မြို့နယ်တို့တွင် ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်မှု ၆ ကြိမ်အထိရှိခဲ့သည်ဟု ဉာဏ်လင်းသစ်၏ အစီရင်ခံစာမှာ ဖော်ပြထားသည်။

"နိုင်ငံတကာက ပိုမိုတင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ မလုပ်နိုင်သရွေ့တော့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေအုံးမှာလို့ မြင်မိတယ်" ဟု လူအခွင့်အရေးလှုပ်ရှားသူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် လေးလအတွင်းမှာ ဆေးရုံ/ဆေးခန်း ၁၆ ခု၊ စာသင်ကျောင်း ၂၈ ခုနှင့် ဘာသာရေး အဆောက်အုံပေါင်း ၆၁ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

လေကြောင်းတိုက်ခိုက်မှုများသည် လားရှိုး ရမခ ကျရှုံးပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာပြီးနောက်ပိုင်း ပို၍ပြင်းထန်လာသည်ဟု စစ်ရေးအကဲခတ်များက ပြောသည်။

အများဆုံးမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်နေရာများနှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နယ်မြေရှိ အရပ်သားနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက "စစ်ကောင်စီက လက်နက်ကိုင်အချင်းချင်း တိုက်မနိုင်တဲ့အခါ အရပ်သားတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာ မနည်းတော့ဘူး။ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ၊ အပြစ်မဲ့ကလေးတွေ ထိခိုက်သေဆုံးမှုက နေ့တိုင်းရှိနေတာ။ အဓိကတော့ စစ်ကောင်စီဟာ သူတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေနဲ့ တိုက်ခိုက်ခံနေရဆဲ နေရာတွေမှာ မစားရတဲ့အမဲ သဲနဲ့ပက်သလို လုပ်နေတာ ဖြစ်တယ် " ဟု ပြောသည်။

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဩဂုတ်လကုန်အထိ နိုင်ငံတစ်ဝန်းတွင် လေကြောင်းတိုက်ခိုက်မှု ၃,၂၉၂ ခုရှိခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးသူ ၁,၇၄၉ ဦး၊ ဒဏ်ရာရရှိသူ ၂,၄၅၃ ဦး အထိရှိ သည်ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြုစုထားသည့် စာရင်းများအရ သိရသည်။

April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...
March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...