ရန်ကုန်ရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်နေ

ရန်ကုန်ရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်နေ

ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက သန်းခေါင်စာရင်းကောက်နေကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်အသီးသီးတွင် စစ်ဘေးရှောင်နေကြသည့် ရခိုင်မှစစ်ဘေးရှောင်များ၏ အမည်စာရင်း၊ အလုပ်အကိုင်မှအစ အခြားအကြောင်းအချို့ကိုလည်း ကောက်ယူမှုပြုလုပ်နေခြင်းဖြစ်သည်ဟု ပြောကြသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်တွင်ကောက်ယူခြင်းခံခဲ့ရသည့် တာမွေမြို့နယ်မှ ရခိုင်စစ်ရှောင်အမျိုးသားတစ်ဦးက "စစ်ရှောင်လားလို့ မေးတယ်။ ဧည့်စာရင်းမှာပါတဲ့ လူတွေ အိမ်မှာအိပ်လား မေးတယ်။ အသက်ကို အဓိကထားလို့ မေးတယ်"ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

သန်းခေါင်စာရင်းကောက်ယူသည့်အခါ ဧည့်စာရင်းတိုင်ထားသူများ၏အမည်စာရင်းများကိုပါ ကောက်ယူပြီး အသက်အရွယ်၊ မျက်မှန်ပါဝါ၊ အိမ်တွင်နေထိုင်သူ၏ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ အသုံးပြုမှုများကိုပါ မေးမြန်း ကောက်ယူသည့်အတွက် ရခိုင်စစ်ရှောင်များ စိုးရိမ်နေကြသည်။

ယမန်နေ့ အောက်တိုဘာလ ၇ ရက်တွင်ကောက်ယူခြင်းခံခဲ့ရသည့် ကမာရွတ်မြို့နယ်မှ ရခိုင်လူငယ်စစ်ရှောင်တစ်ဦးက "အဓိက အမျိုးသားတွေရဲ့အသက်၊ ပြီးတော့ မျက်မှန်တပ်ရင် ပါဝါဘယ်လောက်။ အိမ်မှာ ဘယ်နှစ်ယောက်က အင်တာနက်သုံးလဲ။ ကွန်ပျူတာက ဘယ်သူသုံးလဲဆိုပြီးမေးတယ်။ ဧည့်စာရင်းနဲ့နေတဲ့သူလည်းကောက်တာပဲ။ ပုံမှန်ကောက်တာဆိုပေမယ့်  စိုးရိမ်မှုတော့ရှိတာပေါ့"ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

စစ်ရှောင်တချို့မှာ သန်းခေါင်စာရင်းလာကောက်လျှင် စစ်ဆေးဖမ်းဆီးခံရမည်ကိုစိုးရိမ်၍ တိမ်းရှောင်မှုများလည်း ရှိနေသည်ဟု ၎င်းက ပြောသည်။

"သိတဲ့အတိုင်းပဲ။ စစ်ကောင်စီက ယုံရတာမဟုတ်ဘူး။ အကြောင်းပြချက်မရှိ အကြောင်းရှာပြီး အဖမ်းခံရမှာစိုးလို့ တချို့ဆိုတိမ်းရှောင်နေကြတယ်" ဟုပြောသည်။

စာရင်းကောက်ချိန်တွင် စစ်ဆေးမေးမြန်းခြင်းကိုခံရသူများမှာလည်း နောက်ဆက်တွဲ မည်သည့်ပြဿနာဖြစ်မည်ကို မသိရသေးသဖြင့် စိုးရိမ်မိကြောင်း စစ်ရှောင်များက ပြောသည်။

ရန်ကုန်တွင် ရခိုင်မှစစ်ဘေးရှောင် လူဦးရေအတိအကျကိုမသိနိုင်သော်လည်း လူဦးရေသိန်းနှင့်ချီ ရှိနိုင်ကြောင်း သိရသည်။

သန်းခေါင်စာရင်းကို စစ်ကောင်စီက သူတို့ထိန်းချုပ်ထားသည့်ဒေသများတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူနေခြင်းဖြစ်သည်။

ယခုကောက်ယူသည့် သန်းခေါင်စာရင်း အချက်အလက်များကို လာမည့် ၂၀၂၅ ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေးတွင်  အသုံးပြုသွားမည်ဟုလည်း စစ်ကောင်စီက  ကြေညာထားသည်။

စစ်ကောင်စီသည် ရခိုင်ပြည်မှ သူတို့ထိန်းချုပ်ထားဆဲ မြို့များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းနှင့် မာန်အောင် စသည့်မြို့များတွင်သာ  ကောက်ယူနိုင်ကြကြောင်း သိရသည်။

April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...
March 28, 2026
ကျော်သီဟ - ရခိုင်ပြည်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာနေသည်ဟု သိရသည်။...