စစ်တွေထောင်မှ အကျဉ်းသား ၄၀၀ ခန့်ကို ပုသိမ်သို့ ပြောင်းရွှေ့

စစ်တွေထောင်မှ အကျဉ်းသား ၄၀၀ ခန့်ကို ပုသိမ်သို့ ပြောင်းရွှေ့

ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၄၀၀ ခန့်ကို ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်သို့ စစ်ကောင်စီက နေရာပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နိုင်ငံရေးပုဒ်မအပြင် မူးယစ်ဆေးဝါးပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူများကို အောက်တိုဘာ ၈ ရက်၊ ည ၈ နာရီခန့်တွင် စစ်တွေမြို့ BXT ဆိပ်ကမ်းမှတစ်ဆင့် သင်္ဘောဖြင့် ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

“ညရှစ်နာရီလောက်မှာ ကုန်တင်ကားငါးစီးနဲ့ လေးကြိမ်လောက် ပို့တယ်။ ကုန်တင်ကားတွေနောက်မှာ ရဲကားတွေပါတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

ပြောင်းရွှေ့ခံရသည့် အကျဉ်းသားများထဲတွင် စစ်တွေမြို့၊ ဗျိုင်းဖြူရွာမှ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ရာဇဝတ်မှုဥပဒေပုဒ်မ ၁၈၈ ဖြင့် ထောင်ချခံထားရသည့် အကျဉ်းသား ၂၀၀ ကျော်လည်း ပါဝင်ကြောင်း သိရသည်။

အကျဉ်းသားများကို ပုသိမ်သို့ ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

“သင်္ဘောနဲ့ ညဘက်မှာ ပြောင်းသွားတာ။ ပြည်မဘက်ကို ရောက်သွားရင် အဲဒီအထဲမှာ စားသောက်ရေး အဆင်ပြေဖို့ ဘယ်လိုကူညီရမလဲ မသိဘူး ဖြစ်နေတယ်။ ဒီမှာဆိုရင် သွားတွေ့လို့ ပေးစရာရှိတာတွေကို သွားပေးလို့ရတယ်” ဟု ပြောင်းရွှေ့ခံလိုက်ရသည့် နိုင်/ကျဉ်းအမျိုးသားတစ်ဦး၏ ဇနီးဖြစ်သူက ပြောသည်။

အကျဉ်းသားများအား နေရာပြောင်းရွှေ့နေသည်မှာ အာရက္ခတပ်တော်၏ ထိုးစစ်ကိုစိုးရိမ်၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မြို့ခံများက ရှုမြင်ကြသည်။

“စစ်တွေမြို့မှာ လုံခြုံရေး တင်းကျပ်ထားတယ်။ ကင်းစောင့်တာတွေ မပြတ်လုပ်တယ်။ အကျဉ်းသားတွေကိုလည်း ထောင်ပြောင်းတယ်။ ဒါတွေကိုကြည့်ပြီး စစ်တွေမြို့မှာ ဘာတွေဖြစ်လာမလဲ တွေးပူနေပြီ” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လကလည်း စစ်တွေထောင်မှ အကျဉ်းသား ၁၀၀ ခန့်ကို အင်းစိန်ထောင်သို့ ပြောင်း‌ရွှေ့ခဲ့သည်။ စစ်တွေအကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မအသီးသီးဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၅၀၀ ဦးထက်မနည်း ရှိကြောင်း သိရသည်။

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...