တောင်ကုတ်က ပညာရေးဝန်ထမ်းအပါအဝင် ဒေသခံ ၅၀ ခန့် ပြည်တွင် ပိတ်မိနေ

တောင်ကုတ်က ပညာရေးဝန်ထမ်းအပါအဝင် ဒေသခံ ၅၀ ခန့် ပြည်တွင် ပိတ်မိနေ

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ ပညာရေးဝန်ထမ်း အပါအဝင် ဒေသခံ ၅၀ ဦးခန့်မှာ စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ပဲခူးတိုင်း၊ ပြည်မြို့တွင် ပိတ်မိနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ နောက်ဆုံးသီတင်းပတ်မှစ၍ ရခိုင်ရိုးမတကြော စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုနှင့်အတူ စစ်ကောင်စီက လမ်းခရီးသွားလာခွင့်ကို ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။

ပြည်တွင် ပိတ်မိနေသူ တောင်ကုတ်ဒေသခံတစ်ဦးက “ကျနော်က ပိုက်ဆံလာထုတ်တာပါ။ လမ်းပိတ်လိုက်တော့ ပြန်လို့လည်းမရ ဖြစ်နေတယ်။ အခုဆို တစ်ပတ်ကျော်တောင် ရှိလာပြီ” ဟု ပြောသည်။

ပိတ်မိနေသူများထဲမှ ဒေသခံ ၂၀ ခန့်မှာ ကျန်းမာရေးကိစ္စ၊ ကုန်ပစ္စည်းသယ်ယူရန်နှင့် လူမှုရေးကိစ္စအမျိုးမျိုးကြောင့် ပြည်မြို့သို့ သွားရောက်စဉ် ပိတ်မိနေကြခြင်းဖြစ်သည်။

ပညာရေးဝန်ထမ်း ၃၀ ခန့်မှာ ဒေသတွင်းတိုက်ပွဲများကြောင့် ပြည်မြို့တွင် တွဲဖက်တာဝန်ထမ်းဆောင်ရန် သွားရောက်ခဲ့ကြပြီး တွဲဖက်တာဝန်ထမ်းဆောင်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်သဖြင့် ပိတ်မိနေခြင်းဖြစ်သည်။

ပညာရေးဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက “တိုက်ပွဲတွေကြောင့် ပညာရေးဝန်ထမ်းတွေက သူတို့စိတ်နဲ့သူတို့ အဲဒီဖက်ကို တွဲဖက်လျှောက်ထားကြတယ်။ အခု သူတို့ကို တွဲဖက်ကနေဖြုတ်လိုက်တော့ ဒီဖက်ကိုပြန်လာမယ့် အချိန်မှာ အခုလို ပိတ်မိသွားကြတာ ဖြစ်တယ်” ဟု ပြောသည်။

ပြည်မြို့တွင် ပိတ်မိနေကြသူများမှာ တည်းခိုခန်းနှင့် အိမ်ငှားနေထိုင်နေကြပြီး အချိန်ကြာမြင့် လာသည်နှင့်အမျှ နေထိုင်ရေး၊ စားဝတ်နေရေး စသည့် အခက်အခဲများနှင့် ကြုံတွေ့လာနေကြသည်။

တောင်ကုတ် - ပန်းတောင်းလမ်းတကြောတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက်စစ်ရေးတင်းမာနေပြီး ကုန်စည်စီးဆင်းမှုရပ်တန့်နေ၍ ဒေသတွင်း ကုန်စည်ပြတ်လပ်မှုများ ရှိလာနေသည်။  

တောင်ကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက “အရင်တုန်းကတော့ ဆိုင်ကယ်တွေနဲ့သွားပြီး စစ်တပ်ထောက်ခံစာတွေနဲ့ သွားလို့ရတော့ ပစ္စည်းအနည်းအကျဉ်း ဝင်ရောက်မှုရှိခဲ့တယ်။ အခုက လုံးဝကိုပိတ်လိုက်တော့ ကုန်စည်တွေလည်း ပြတ်နေပြီ” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏပြုလုပ်နေ၍ အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်။

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသကို စစ်ကောင်စီက လမ်းခရီးသွားလာခွင့် ပိတ်ဆို့ထား၍ ဒေသခံများမှာ စားဝတ်နေရေး၊ ကျန်းမာရေးစသည့် လူမှုစီပွားဘဝ အဘက်ဘက်တွင် ထိခိုက်နစ်နာမှုများ ရှိနေကြသည်။

အီရန်၏ လေကြောင်းပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့သည့် အဘူဒါဘီမြို့ တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- Reuters
March 5, 2026
ယခု အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲကာလအတွင်း...
March 4, 2026
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စားဝတ်နေရေးကျပ်တည်းမှုနှင့်...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေကြသည့် မိသားစုဝင်အချို့။ ဓာတ်ပုံ - ကျောက်တော်လူငယ်များအစည်းအရုံး (KTYA)
March 2, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု...
February 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများတွင် HIV ထိန်းချုပ်ရေးအပါအဝင် ကူးစက်ရောဂါကာကွယ်ရေးအတွက်...