စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်သူများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ZFU/PDF Zoland သတိပေး

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်သူများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ZFU/PDF Zoland သတိပေး

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်တွင် ပါဝင်သူများကို ပြင်းထန်စွာအရေးယူမည်ဟု ZFU/ PDF-Zoland နှင့် တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့စက်တင်ဘာလ ၂၇ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားသည်။

တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ပြောရေးဆိုခွင့်ရှိသူက “ အခုလက်ရှိတော့ သူတို့ဘက် လှုပ်ရှားမှု မရှိသေးဘူးပေါ့နော်။ ဒါပေမဲ့ AD ကဌာနဆိုင်ရာတွေကို ခေါ်ပြီး သန်းခေါင်စာရင်းကောက်ဖို့ပြောတာ၊ ၂၀၂၅ ရွေးကောက်ပွဲကသူတို့အတွက် တကယ် အရေးကြီးတယ်လို့ ပြောလို့ရတယ်။ ဒီဟာနဲ့ပါတ်သက်ပြီး တော့ ကျွန်တော်တို့ ပြည်သူလူထုရော ဘယ်သူမဆိုက မပါဝင်ကြဖို့ ကျွန်တော်တို့ မြို့နယ်ထဲမှာရွေးကောက်ပွဲ မလုပ်နိုင်ဖို့ လိုအပ်တာပါ။” ဟု ပြောသည်။

စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းတွင် တီးတိန်မြို့ အထက -၁ ကျောင်းခန်းမတွင်ဌာနဆိုင်ရာများခေါ်ယူကာ တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း ဦးဆောင်မှုဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊စာရင်းကောက်သင်တန်းကို ပို့ချခဲ့သည်ဟုသိရသည်။

ဌာနဆိုင်ရာ တာဝန်ခံများနှင့် မိဘ ပြည်သူများအနေဖြင့် သန်းခေါင်စာရင်း ကောက်ခံမှုတွင် ပါဝင်ခြင်းမပြုကြရန် သတိ ပေးမှုများအား လိုက်နာခြင်းမရှိပဲ အားပေးအားမြောက်သည့် လုပ်ဆောင်ချက်များ တွေ့ရှိလျှင်  ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည့်အကြောင်း တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။

ထို့အပြင် သန်းခေါင်စာရင်းကောက်ခံမူတွင် ပါဝင်လုပ်ဆောင်နေသည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းနှင့် ဌာနဆိုင်ရာ များ၏ လုပ်ဆောင်ချက်များအား သိရှိပါက ZFU/PDF Zoland၏ သက်ဆိုင်ရာ လူမှုကွန်ယက်များမှ တစ်ဆင့် သတင်းပေး အကြောင်းကြားပေးကြပါရန်လည်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်ထားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha ကလည်း ပြီးခဲ့သည့်စက်တင်ဘာလ ၂၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သော Non-CDM များကို စစ်ကောင်စီ ကဲ့သို့သဘောထားပြီး ပစ်ခတ်တော့မည်ဟု သတိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် နောက်ဆုံးနိုင်ငံရေးထွက်ပေါက်တစ်ခုအနေဖြင့် လာမယ့် ၂၀၂၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန်စီစဉ်နေပြီး ယင်းအတွက် သန်းခေါင်စာရင်းကောက် ယူမှုကို လာမယ့်အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်မည်ဖြစ်သည်။

April 4, 2026
စစ်တပ်လွှတ်တော်မှတစ်ဆင့် သမ္မတ ဖြစ်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို...
April 3, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်ဇံမြို့နယ် (ဇိုဂမ်ဒေသ)တွင် အခြေ စိုက် လှုပ်ရှားနေသော...
April 2, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်မှုထမ်းဥပဒေအကြောင်းပြုကာ...
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရစ်ယာန်ဘာသာဝင်များ မြေမြုပ်သဂြိုလ်သော ခရစ်ယာန်သုသာန်တွင်...